တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ရှင်းပြတော်မူသည်မှာ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် မတရားမှုကို မိမိအပေါ်တွင် ဟရာမ်အဖြစ် သတ်မှတ်တော်မူပြီး မိမိ၏ အဖန်ဆင်းခံများကြားတွင်လည်း မတရားမှုကို ဟရာမ်အဖြစ် သတ်မှတ်တော်မူခဲ့သည်။ထို့ကြောင့် တစ်ဦးကို တစ်ဦး မတရားလုပ်ခွင့်မရှိပေ။ ဧကန်အမှန်ပင် အဖန်ဆင်းခံများတွင် အလ္လာဟ်အရှင်မြတ် လမ်းမှန်တရားချီးမြှင့်သူ၊ လမ်းမှန်တရားပေါ်တွင် လျှောက်လှမ်းနိုင်စွမ်း ပေးသနားထားသူမှလွဲ၍ ကျန်အားလုံးသည် လမ်းမှန်တရားမှ လမ်းလွဲနေသူများပင်ဖြစ်ကြသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ထံတွင် လမ်းမှန်တရားကို တောင်းခံပါက အရှင်မြတ်သည် ၎င်းအား လိုက်နာနိုင်စွမ်း ချီးမြှင့်တော်မူပြီး လမ်းမှန်တရားပြသတော်မူမည်။ ဧကန်အမှန်ပင် အဖန်ဆင်းခံတို့သည် ၎င်းတို့၏ လိုအပ်ချက်အားလုံးအတွက် အလ္လာဟ်အရှင်မြတ်ကို လိုအပ်ကြသူများဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် တောင်းခံပါက အရှင်မြတ်သည် ၎င်း၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးတော်မူပြီး ၎င်းအဖို့ လုံလောက်တော်မူမည်ဖြစ်သည်။ လူသားတို့သည် နေ့နှင့်ညတွင် အပြစ်များ ကျူးလွန်လျက်ရှိကြသည်။ ကျေးကျွန်တို့က ခွင့်လွှတ်ချမ်းသာမှု တောင်းခံသည့်အခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏အပြစ်များကို ဖုံးကွယ်ပေးပြီး၊ အရေးမယူဘဲ ခွင့်လွှတ်တော်မူလိုက်သည်။ လူသားတို့သည် အလ္လာဟ်အရှင်မြတ်အားတစ်စုံတစ်ရာ ထိခိုက်နစ်နာစေရန် သို့မဟုတ် တစ်စုံတစ်ရာ အကျိုးပြုရန် တတ်စွမ်းနိုင်သူများမဟုတ်ကြပေ။ အကယ်၍ ၎င်းတို့သည် အမိန့်နာခံမှုအရှိဆုံးသူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ၎င်းတို့၏ အမိန့်နာခံမှု၊ အပြစ်ရှောင်ကြဥ်မှုသည် အလ္လာဟ်အရှင်မြတ်၏ စိုးပိုင်မှုအာဏာကို တစ်စုံတစ်ရာတိုးလာစေမည် မဟုတ်သလို ၎င်းတို့သည် အမိန့်အဖီဆန်ဆုံး သူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ၎င်းတို့၏ အမိန့်ဖီဆန်မှုသည် အလ္လာဟ်အရှင်မြတ်၏ စိုးပိုင်မှု အာဏာကို တစ်စုံတစ်ရာ လျော့နည်းစေမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အားအင်ချည့်နဲ့သူများဖြစ်ကြပြီး အခြေအနေတိုင်း၊ အချိန်အခါတိုင်း၊ နေရာတိုင်းတွင် အလ္လာဟ်အရှင်မြတ်ကို လိုအပ်ကြသူများပင် ဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် လိုလားတောင်းတမှုအလုံးစုံမှ ကင်းစင်တော်မူသောအရှင်ဖြစ်သည်။ အကယ်၍ လူသားများ၊ ဂျင်န်သတ္တဝါများ၊ လွန်လေပြီးသူများနှင့် နောင်လာမည့်သူများအားလုံး တစ်နေရာတည်းတွင်ရပ်၍ အလ္လာဟ်အရှင်မြတ်ထံ တစ်ပြိုင်နက်တည်း တောင်းခံကြပြီး အရှင်မြတ်သည် တစ်ဦးစီ၏တောင်းခံမှုအား ချီးမြှင့်လိုက်လျှင်လည်း ပင်လယ်ထဲသို့ အပ်တစ်ချောင်းကို နှစ်မြုပ်၍ ပြန်ထုတ်လိုက်သည့်အခါ ပင်လယ်ရေသည် မလျော့နည်းသကဲ့သို့ ထိုသို့ ပေးကမ်းချီးမြှင့်ခြင်းကြောင့် အလ္လာဟ်အရှင်မြတ်ထံတော်မှ တစ်စုံတစ်ရာမျှပင် လျော့နည်းသွားမည် မဟုတ်ပေ။ ဤသည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ပြီးပြည့်စုံသည့် ကြွယ်ဝမှုပင်ဖြစ်သည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များ၏ ဆောင်ရွက်ချက်များ၊ အကျိုးအပြစ်များအားလုံးကို မှတ်တမ်းတင် ထိန်းသိမ်းထားတော်မူသည်။ ၎င်းနောက် ကိယာမသ်နေ့တွင် ထိုဆောင်ရွက်ချက်များအပေါ် အစားပြန်လည် ချီးမြှင့်မည်ဖြစ်သည်။ အကြင်သူသည် မိမိဆောင်ရွက်ချက်အပေါ် ကောင်းမြတ်သည့် အစားပြန်လည်ရရှိပါက အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံခွင့်ရသည့်အပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုရမည်ဖြစ်သည်။ အကြင်သူသည် မိမိဆောင်ရွက်ချက်အပေါ် ကောင်းမြတ်သည့် အစားမဟုတ်ဘဲ အခြားတစ်စုံတစ်ရာရရှိခဲ့လျှင် မကောင်းမှုကို အလွန်အမိန့်ပေးတိုက်တွန်းပြီး၊ ဆုံးရှုံးမှုသို့ ခေါ်ဆောင်ခဲ့သော မိမိ၏စိတ်နှလုံးသားကိုသာ အပြစ်တင်ရမည် ဖြစ်သည်။