တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ - ငါအရှင်မြတ် သည် ငါအရှင့်ကျေးကျွန်၏ အထင်အမြင်နှင့်အတူရှိတော်မူ၏။ ငါအရှင်သည် မိမိ၏ကျေးကျွန်အား ငါအရှင့်အား သူထင်မြင်ထားသည့်အတိုင်း ဆက်ဆံတော်မူ၏။ ဤသည် ကျေးကျွန်၏ မျှော်လင့်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို မျှော်ကိုးခြင်းအားဖြင့် ဖြစ်၏။ ငါအရှင်သည် ကျေးကျွန်အား သူငါအရှင့်ထံမှ မျှော်မှန်းသည့် ကောင်းခြင်း သို့မဟုတ် ဆိုးခြင်းအတိုင်း ပြုမူဆက်ဆံတော်မူ၏။ ထို့ပြင် ကျေးကျွန်သည် ငါအရှင့်အား သတိရတသသောအခါတွင် ငါအရှင်သည် ကရုဏာတော်၊ လမ်းညွှန်မှု၊ အားပေးမှုနှင့် ကာကွယ်မှုတို့ဖြင့် သူနှင့်အတူရှိတော်မူ၏။ အကယ်၍ သူသည် တစ်ကိုတည်းအချိန်၌ စိတ်ထဲ၌ သတ်စ်ဗီဟ်( စွဗ်ဟာနလ္လာဟ်)၊ သဟ်လီလ် ( လာအိလာဟအစ်လ္လလ္လာဟ် ) အစရှိသည့် ဇိကိရ်များဖြင့် ငါအရှင့်အားသတိရလျှင် ငါအရှင်သည်လည်းသူ့အား ငါအရှင်၏ စိတ်ထဲတွင် သတိရတော်မူ၏။ အကယ်၍ သူသည် အုပ်စုတစ်စု၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်း ထိုအုပ်စုထက် ပို၍ကြီးသော မွန်မြတ်သော (ကောင်းကင်တမန်များ၏) အုပ်စု၌ သူ့အား သတိရတော်မူ၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ တစ်ထွာနီးကပ်လာပါက အရှင်မြတ်သည်သူ့အား သာပိုချီးမြှင့်တော်မူပြီး၊ သူ့ထံ တစ်တောင်နီးကပ်သွားတော်မူ၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ တစ်တောင်နီးကပ်သွားပါက၊ အရှင်မြတ်သည် သူ့ထံ တစ်လံ နီးကပ်သွားတော်မူ၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ လမ်း လျှောက်လာပါက၊ အရှင်မြတ်သည် သူ့ဘက်သို့ ပြေးပြီးလာတော်မူ၏။ သို့ဖြစ်ရာ ကျေးကျွန်တစ်ဦးသည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ နာခံမှု၊ ကိုးကွယ်မှုတို့ဖြင့် နီးကပ်လာသည့်အခါ၊ အလ္လာဟ်အရှင်မြတ်သည် သူ့အား လုပ်ရပ်နှင့်ကိုက်ညီသော အစားပေးသည့် အနေဖြင့် မိမိထံ ပို၍နီးကပ်စွာ ဆောင်ယူတော်မူ၏။ မုအ်မင်န်ယုံကြည်သူတစ်ဦး၏ မိမိအရှင်သခင် ၏ကျေးကျွန်ပီသမှုသည် ပြည့်စုံလာသည်နှင့်အမျှ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူထံ ထိုမျှပင်နီးကပ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်ပေးကမ်းမှုနှင့် အကျိုးဆုလာဒ်သည် ကျေးကျွန်၏ လုပ်ရပ်နှင့် အားထုတ်မှုထက် သာပို၍များလှပေသည်။ အကျဉ်းချုပ်အားဖြင့် ဆိုရသော် အရည်အ သွေးနှင့်အရေ အတွက်အားဖြင့် အလ္လာဟ်အရှင်မြတ်၏ အစား ပေးမှုသည် လုပ်ရပ်ထက် သာလွန်မြင့်မားလှပေသည်။ မုအ်မင်န်ယုံကြည်သူတစ်ဦးသည် ကောင်းသောအထင်အမြင် ထားရှိပြီး၊ အမလ်လုပ်၍၊ အလျင်အမြန် ကြိုးစားအားထုတ်ကာ နောက်ဆုံး အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံသည်အထိ (ဤကြိုးစားအားထုတ်မှုမှာ)တိုးတက်လာခြင်းတို့ ဖြစ်သည်။