နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်အား သတိရတသသူနှင့် သတိရတသမှုမရှိသူ၏ ကွာခြားချက်ကို အသက်ရှင်သူနှင့် သေသူ၏ ကွာခြားချက်နှင့် ဥပမာထူး၍ ရှင်းလင်းတင်ပြတော်မူခဲ့သည်။ အကြောင်းမှာ ယင်းကွာခြားချက်သည် အကျိုးကျေးဇူးပေးနိုင်မှု၊ အသွင်အပြင်လှပမှုတို့တွင် အသက်ရှင်သူနှင့် သေသူ၏ ကွာခြားချက်နှင့် တူညီသောကြောင့် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်အား သတိရတသသူ၏ ပမာမှာ အသက်ရှင်သူကဲ့သို့ဖြစ်၏။ ထိုသူ၏ အပေါ်ယံအသွင်အပြင်သည် အသက်ရှင်သန်မှု၏ အလင်းရောင်ဖြင့် တင့်တယ်လှပ၍၊ အတွင်းစိတ်သည်လည်း အသိပညာ၏ အလင်းရောင်ဖြင့် ထွန်းပြောင်နေပြီး အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေနိုင်သူဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အား သတိရတသမှုမရှိသူ၏ ပမာမှာ သေသူကဲ့သို့ဖြစ်၏။ ထိုသူ၏ အပေါ်ယံအသွင်အပြင်သည် အကျိုးမဲ့ဖြစ်၍ အတွင်းစိတ်သည်လည်း မှားယွင်းပျက်စီးနေပြီး မည်သည့်အကျိုးကျေးဇူးကိုမျှ မဖြစ်ထွန်းစေနိုင်ပေ။ ထိုနည်းတူစွာ အိမ်တစ်အိမ်သည်လည်း ထိုအိမ်၌ နေထိုင်သူများက အလ္လာဟ်အရှင်မြတ်အား သတိရတသပါက အသက်ရှင်သော အိမ်ဟု သတ်မှတ်ခံရမည်။ အကယ်၍ သတိရတသမှုမရှိပါက အလ္လာဟ်အရှင်မြတ်၏ သတိရတသမှုမှ ပျောက်ဆုံးနေသော နေထိုင်သူများ ရှိသည့် အိမ်ဖြစ်၍ သေသော အိမ်ဟူ၍ သတ်မှတ်ခံရမည်။ အိမ်အား သက်ရှိ၊ သေသူဟု ခိုင်းနှိုင်းသုံးစွဲထားသော်လည်း အဓိကအားဖြင့် ယင်းအိမ်၌ နေထိုင်သူများကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။