တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြသည်မှာ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ကောင်းမှု၊ မကောင်းမှုတို့ကို သတ်မှတ်ပြီးနောက် မလာအိကဟ် ကောင်းကင်တမန်နှစ်ပါးအား မည်သို့ရေးမှတ်ရမည်ကို ရှင်းပြတော်မူသည်။ သို့ဖြစ်၍ အကြင်မည်သူမဆို ကောင်းမှုတစ်ခုလုပ်ရန်ရည်ရွယ်ကာ သန္နိဌာန်ချပြီးနောက် ထိုကောင်းမှုကို မလုပ်ဖြစ်ခဲ့လျှင် ၎င်းအတွက် ကောင်းမှုတစ်ခုရေးမှတ်ခြင်းခံရမည်။ အကယ်၍ သူသည် ထိုကောင်းမှုကို ပြုလုပ်ခဲ့ပါက ယင်းကောင်းမှုကို သူ့အတွက် အလ္လာဟ်အရှင်မြတ်က မိမိထံတော်တွင် ကောင်းမှု(၁၀)ဆမှ အဆ(၇၀၀) အထိ၊ ထိုမှ အဆပေါင်းမြောက်မြားစွာထိ ရေးမှတ်တော်မူမည်ဖြစ်သည်။ ကောင်းမှုများ တိုးပွားခြင်းသည် စိတ်နှလုံးတွင်း၌ အိခ်လာဆ်ွရှိခြင်း၊ အကျိုးဖြစ်ထွန်းမှု များပြားခြင်း စသည်တို့အပါ်တွင် မူတည်သည်။ အကြင်မည်သူမဆို မကောင်းမှုတစ်ခုလုပ်ရန် ရည်ရွယ်ကာ သန္နိဌာန်ချပြီးနောက် ထိုမကောင်းမှုကို အလ္လာ့ဟ်အတွက် စွန့်လွှတ်ခဲ့ပါက ၎င်းအတွက် ကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်။ အကယ်၍ မကောင်းမှုပြုလုပ်ရန် အကြောင်းခံများကို ဆောင်ရွက်ခြင်း မရှိသေးဘဲ အခြားဘက်သို့ အာရုံရောက်သွားသဖြင့် ထိုမကောင်းမှုကို စွန့်လွှတ်ခြင်းဖြစ်ပါက မည်သည့်အရာမျှ ရေးမှတ်ခံရမည်မဟုတ်ပေ။ အကယ်၍ မတတ်သာ၍ စွန့်လွှတ်လိုက်ခြင်းဖြစ်ပါက သူ၏ရည်စူးချက်သည် ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ အကယ်၍ ထိုမကောင်းမှုကို ပြုလုပ်ခဲ့ပါက ၎င်းအတွက် မကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။