ဟဒီးဆ်ကုဒ်စီတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်မှာ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် မည်သူမဆို ငါအရှင်မြတ်၏အချစ်တော်များအနက်မှတဦးဦးကို ဒုက္ခပေးမည်၊ အမျက်ဒေါသထွက်စေမည်၊ မုန်းစေမည် ဆိုပါက ငါအရှင်မြတ်သည် သူ့အားပြန်၍ရန်ငြိုးထားကြောင်း အသိပေးကြေညာလိုက်ပေသည်။ ဝလီအလ္လာဟ်အရှင်မြတ်၏အချစ်တော်ဟူသည် သက္ကဝါ ကောင်းမှုများ ဆောင်ရွက်ပြီး မကောင်းမှုများမှ ရှောင်ကြဉ်သည့် မုအ်မင်န်ဖြစ်သည်။ လူသားသည် အီမာန်ယုံကြည်မှုရှိခြင်းနှင့် သက္ကဝါတရားရှိသည့်အတိုင်း အတာနှင့်အညီအလ္လာဟ်အရှင်မြတ်၏ချစ်ခင်နှစ်သက်မှုကို ရရှိပေမည်။ မွတ်စ်လင်မ်သည် မိမိ၏အရှင်သခင်က သူ့အပေါ်ပြဋ္ဌာန်းထားသည့် ဖရ်ဿွ်တာဝန်များ၊ မဖြစ်မနေဆောင်ရွက်ရမည့် ကောင်းမှုများ၊ ဟရာမ်ကိစ္စရပ်များ အားစွန်လွှတ်၍ငါအရှင်နှင့်နီးကပ်မှုကို ရယူခြင်းထက် ငါအရှင်ပိုနှစ်သက်သည့်တခြားအရာဖြင့် ငါအရှင်မြတ်ထံတော်ပါး၌ နီးကပ်မှု မရရှိနိုင်ပေ။ ငါအရှင်မြတ်၏ကျေးကျွန်သည် ငါအရှင်မြတ်သူ့အား ချစ်ခင်နှစ်သက်သွားသည့်အထိ ဖရ်ဿ်ွများနှင့်အတူနဖိလ်အိဗာဒသ်များဖြင့် ငါအရှင်မြတ်နှင့်နီးကပ်မှုရယူသည်။ အကယ်၍အလ္လာဟ်အရှင်မြတ်သည် သူ့အားချစ်ခင်နှစ်သက်သွားပါက အောက်တွင်ဖော်ပြမည့်ခန္ဓာကိုယ်၏အစိတ်အပိုင်းလေးခုကို အရှင်မြတ်ကဖြောင့်မတ်အောင်ပြုလုပ်ပေးမည်ဖြစ်သည်။ အရှင်မြတ်သည်သူ၏အကြားအာရုံအား ဖြောင့်မတ်အောင်ပြုပေးလေရာ အရှင်မြတ်နှစ်မြို့သည့်အရာမှအပအခြားအရာများကို နားမထောင်တော့ပေ။ အရှင်မြတ်သည်သူ၏အမြင်အာရုံအား ဖြောင့်မတ်အောင်ပြုပေးလေရာ အရှင်မြတ်နှစ်မြို့သည့်အရာမှအပအခြားအရာများကို မကြည့်ရှုတော့ပေ။ အရှင်မြတ်သည်သူ၏လက်အား ဖြောင့်မတ်အောင်ပြုလုပ်ပေးလေရာ သူသည်မိမိလက်ဖြင့်အရှင်မြတ်နှစ်မြို့သည့်အရာမှအပ အခြားအရာများကို မပြုလုပ်တော့ပေ။ အရှင်မြတ်သည်သူ၏ခြေအား ဖြောင့်မတ်အောင်ပြုလုပ်ပေးလေရာ သူသည်အရှင်မြတ်နှစ်မြို့သည့်နေရာ၊ ကောင်းခြင်းများရှိသည့် နေရာဘက်သို့သာ လျှောက်လှမ်းသွားသည်။ ဤသို့ဖြောင့်မတ်အောင်ပြုလုပ်ပေးခြင်းနှင့်အတူ သူသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် သူတောင်းသည့်အရာကို အမှန်တကယ်ပေးတော်မူမည်။ သို့ဖြစ်ရာ ထိုသူသည် ဆုတောင်းပြည့်သူဖြစ်သွားပေသည်။အကယ်၍သူသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကာအကွယ်ပေးရန် တောင်းဆို၍ခိုလှုံမည်၊ ခိုလှုံခွင့်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် သူ့အား သူကြောက်ရွံ့သည့်အရာမှ ခိုလှုံမှုပေးမည်၊ ကာကွယ်ပေးမည်ဖြစ်သည်။ တဖန်အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ (တဖက်တွင်) သေချင်းတရား၌နာကျင်မှုရှိသည့်အတွက် မုအ်မင်န်သည် သေခြင်းတရားကို မနှစ်မြို့ပေ။(အခြားတဖက်တွင်)အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်တစ်ဦးနာကျင်မည်ကို မနှစ်မြို့ပေ။ သို့ရှိရာ ငါအရှင်မြတ်သည် မုအ်မင်န်အား အသက်နှုတ်ရန်သနားသောအားဖြင့်( သူမနှစ်သက်သည့် သေချင်းတရားကို ဆုံးဖြတ်ပေးရမည်လော၊ အသက်နှုတ်ခြင်းကြောင့်သူခံစားရမည့် ဒုက္ခကိုခံစားစေရန်ဆုံးဖြတ်ပေးရမည်လောဟူသော အချက်နှစ်ချက်အားရွေးချယ်ရန်) ချီတုံချတုံဖြစ်သလိုမျိုး ငါအရှင်ဆောင်ရွက်သည့်အခြားကိစ္စရပ်များတွင် ချီတုံချတုံမဖြစ်ပေ။