တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအာဇ်ဗင်န်ဂျဗလ် (ရဿွိယလ္လာဟုအန်ဟု)အား ယီမင်နိုင်ငံသို့ အလ္လာဟ့်ဘက်သို့ဖိတ်ခေါ်သူ၊ သာသနာရေးရာ သင်ကြားပို့ချသူအဖြစ် စေလွှတ်သည့်အခါ ကြိုတင်ပြင်ဆင်ထားရန်အတွက် မကြာမီ(နဆ်ွရာနီ) ခရစ်ယာန်မျိုးနွယ်စုများနှင့် ဆုံတွေ့ရမည်ဖြစ်ကြောင်း သူ့အား ရှင်းပြတော်မူခဲ့သည်။ ထို့နောက် ၎င်းတို့အား ဒအ်ဝဟ် ဖိတ်ခေါ်မှုပြုရာတွင်အရေးအကြီးဆုံးကိစ္စနှင့်စတင်ကာ တစ်ဆင့်ပြီးတစ်ဆင့် အရေးကြီးသောအရာများကို ဖိတ်ခေါ်ရန်လည်း မိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် သူသည် လူတို့အား ယုံကြည်ချက် ပြုပြင်တည့်မတ်ပေးရန်အတွက် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်းကို ဦးစွာပထမ တင်ပြဖိတ်ခေါ်ရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသက်သခံချက်ဖြင့်သာ ၎င်းတို့အစ္စလာမ်သာသနာသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ အကယ်၍ သူတို့သည် ထိုအချက်ကို လက်ခံခဲ့လျှင် ၎င်းတို့အား ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးရမည်။ အဘယ့်ကြောင့်ဆိုသော် သောင်ဟီးဒ်တရား၏ နောက်တွင် ဆွလာသ်သည် အကြီးကျယ်ဆုံး ဖရ်ဿ်ွတာဝန် ဖြစ်သည်။ အကယ်၍ သူတို့သည် ဆွလာသ် ဆောက်တည်ကြလျှင် ၎င်းတို့အနက် ချမ်းသာကြွယ်ဝသူများက သူတို့၏ ဥစ္စာပစ္စည်းများထဲမှ ၎င်းတို့ထဲရှိ ဆင်းရဲသားများကို ဇကာသ်ပေးရန်အမိန့်ပေးရမည်။ ဇကာသ်ကောက်ယူရာတွင် အလယ်အလတ်တန်းစားကိုသာ ကောက်ယူရန် တာဝန်ရှိသည့်အတွက် အကောင်းဆုံးပစ္စည်းများကို ကောက်ယူခြင်းမပြုရန် ကိုယ်တော်ကသူ့အား သတိပေးတားမြစ်တော်မူခဲ့သည်။ ထို့နောက် မတရားဖိနှိပ်ခံရသူ၏ မကောင်းဆုတောင်းခြင်း မခံရစေရန်အတွက် မတရားမှုမှ ရှောင်ကြဉ်ရန် မှာကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မတရားဖိနှိပ်ခံရသူ၏ ဒုအာသည် လက်ခံကဗူလ်ပြုခြင်းခံရသည့်အတွက်ဖြစ်သည်။