အွတ်စ်မာန်ရှတ်ဟားမ်နှင့် ဖရ်ကဒ်ဆဗခီးတို့သည် စွဟာဗီကြီး အဘူဗကရဟ်၏သားဖြစ်သူ မွတ်စ်လင်မ် အား ၎င်း၏ ဖခင်ထံမှ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖိသ်နဟ်စမ်းသပ်မှုများနှင့် မွတ်စ်လင်မ်များအချင်းချင်း တိုက်ခိုက်ကြမည့်စစ်ပွဲများနှင့် ပတ်သက်၍ ဟဒီးစ်တစ်ပုဒ်ပုဒ် ကြားသိခဲ့ပါသလားဟု မေးမြန်းခဲ့သည်။ ထိုအခါ မွတ်စ်လင်မ်က “ဟုတ်ကဲ့” ဟု ဖြေကြားပြီး အောက်ပါအတိုင်းပြောပြခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိကွယ်လွန်တော်မူပြီးနောက် ဖိသ်နဟ်စမ်းသပ်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုဖိသ်နဟ်စမ်းသပ်မှု ဖြစ်ပေါ်နေစဉ် အတောအ တွင်း၌ ၎င်းတို့ကို သတိလစ်မေ့လျော့လျက်(မိမိအိမ်၌ သာ)ထိုင်နေသူသည် ၎င်း(ဖိသ်နဟ်များ)တွင် လမ်း လျှောက်နေသူ (ဆိုလိုသည်မှာ အနည်းငယ်မျှ ပါဝင်ပတ်သက်နေသူ) ထက် သာလွန်ကောင်းမွန်သည်။ သို့ရာတွင် ထိုသူသည် ၎င်း(ဖိသ်နဟ်များ)ကို အာရုံစိုက်ခြင်းမရှိသလို ၎င်းတို့ကို ရှာဖွေနေခြင်းလည်း မရှိပေ။ လမ်းလျှောက်သွားလာသူသည် ထိုဖိသ်နဟ်စမ်းသပ်မှုဆီသို့ အပြေးအ လွှားသွားသူထက် (ဆိုလိုသည်မှာ ၎င်းတို့ကို ရှာဖွေကာ ပါဝင်ပတ်သက်နေသူ) ထက် သာလွန်ကောင်းမွန်သည်။ ထို့နောက် မိမိ၏ခေတ်ကာလတွင် ဖိသ်နဟ်စမ်းသပ်မှုများ ကျရောက်လာပါက ခိုလှုံစရာနေရာ တစ်စုံတစ်ရာတွေ့ရှိလျှင် ထိုနေရာသို့ဝင်ရောက်ခိုလှုံရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က လမ်းညွှန်တော်မူခဲ့သည်။ မည်သူမဆို မိမိ၌ ကျက်စားနေသည့်ကုလားအုပ်များရှိပါက မိမိ၏ ကုလားအုပ်များထံသို့ ခိုလှုံနေပါလေ။ မိမိ၌ ကျက်စားနေသည့် သိုး၊ ဆိတ်များရှိပါက မိမိ၏ သိုး၊ ဆိတ်များထံသို့ ခိုလှုံနေပါလေ။ မိမိ၌ မြေယာနှင့် လယ်ယာရှိသူသည် မိမိ၏ မြေယာ၌ ခိုလှုံနေပါလေ။” ထိုအခါ လူတစ်ယောက်က “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကုလားအုတ်၊ သိုး၊ မြေယာစသည့် ခိုလှုံစရာ တစ်စုံတစ်ရာမျှ မရှိသူအတွက် မည်သို့ မိန့်ကြားတော်မူပါသနည်း” ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- သူသည် မိမိ၏လက်နက်ကိုယူ၍ ရိုက်ချိုးဖျက်စီးလိုက်ရမည်။ ထို့နောက် မိမိကိုယ်ကိုယ်နှင့် သားသမီးများကို တတ်နိုင်သမျှ ကယ်တင်လျက် ထွက်ပြေးတိမ်းရှောင်ရမည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အို ‘အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး (အမိန့်တော်ကို) ပို့ဆောင်ပေးခဲ့ပြီလော။ အို ‘အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး (အမိန့်တော်ကို) ပို့ဆောင်ပေးခဲ့ပြီလော။ အို ‘အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး(အမိန့်တော်ကို) ပို့ဆောင်ပေးခဲ့ပြီလော' ဟု သုံးကြိမ်တိုင်တိုင် (အလ္လာဟ်အရှင်မြတ်အား) သက်သေထူတော်မူခဲ့သည်။ ထိုအခါ (နောက်ထပ်) လူတစ်ဦးက ‘အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးအား စစ်တပ်နှစ်တပ်အနက်မှ တစ်တပ်သို့ပါဝင်ရန် အတင်းအကြပ်ပြုခံရလျှင် သို့မဟုတ် အုပ်စုနှစ်စုအနက်မှ တစ်စုသို့ အတင်းအကျပ် ခေါ်ဆောင်ခံရပြီး တစ်စုံတစ်ဦးက မိမိ၏ဓားဖြင့် ကျွန်တော်မျိုးအား ရိုက်ခြင်း သို့မဟုတ် မြားတစ်စင်းရောက်လာပြီး ကျွန်တော်မျိုးအား သတ်ပစ်လိုက်ပါက (ကျွန်တော်မျိုး၏အခြေအနေမှာ မည်သို့ရှိပါမည်နည်း)’ ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်- “ထိုသူ (သတ်သူ) သည် မိမိကိုယ်တိုင်၏အပြစ်နှင့် မိမိသတ်လိုက်သူ၏အပြစ်ကို ပါ ထမ်းရွက်ရလိမ့်မည်။ ထို့ပြင် ငရဲသားများထဲမှ ဖြစ်လိမ့်မည်။”