တမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မည်သူမဆို အာဏာပိုင် ခေါင်းဆောင်များ၏ အမိန့်နာခံမှုကို စွန့်လွှတ်ကာ အိမာမ် ခေါင်းဆောင်တစ်ဦးအပေါ် တစ်စုတစ်စည်းတည်း သစ္စာခံထားသော မွတ်စ်လင်မ်ဂျမာအသ်မှ ခွဲထွက်ပြီး ထိုသို့ အမိန့်မနာခံမှု၊ ခွဲထွက်မှု အခြေအနေမျိုး၌ပင် သေဆုံးသွားပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်ရှိသူများ သေဆုံးသကဲ့သို့ သေဆုံးသွားခြင်းပင်ဖြစ်သည်။ ထိုခေတ်ကာလ၌ ရှိသူများသည် အိမာမ် ခေါင်းဆောင်အား နာခံခြင်းမရှိ၊ ဂျမာအသ် အုပ်စုအဖြစ် တစ်စုတစ်စည်းတည်း နေထိုင်ခြင်းမရှိကြဘဲ အချင်းချင်းတိုက်ခိုက်နေသော အုပ်စုများသာ ဖြစ်ခဲ့ကြသည်။ ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဆက်လက်မိန့်ကြားတော်မူသည်မှာ မည်သူမဆို အမှားအမှန်မကွဲပြားသော အလံအောက်မှ တိုက်ခိုက်မည်။ သာသနာအတွက်၊ အမှန်တရားအတွက် မဟုတ်ဘဲ လူမျိုးစွဲ၊ မျိုးနွယ်စွဲကြောင့် အမျက်ဒေါသထားမည်။ ထို့ပြင် အသိပညာနှင့် သက်သေအထောက်အထားမရှိဘဲ တစ်ယူသန်ဝါဒဖြင့် တိုက်ခိုက်ရင်း ထိုအခြေအနေမျိုး၌ပင် အသတ်ခံရပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၌ အသတ်ခံရပြီး သေဆုံးသကဲ့သို့ဖြစ်သည်။ မည်သူမဆို တမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အွမ္မသ်သားတို့ကို ဆန့်ကျင်ပုန်ကန်ပြီး လူကောင်းဖြစ်စေ လူဆိုးဖြစ်စေ အားလုံးကို တိုက်ခိုက်သတ်ဖြတ်မည်။ မိမိလုပ်ရပ်များအပေါ် ဂရုစိုက်ခြင်းမရှိ၊ မုအ်မင်န်တို့အား သတ်ဖြတ်သည့်အတွက် ဖြစ်ပေါ်လာမည့် ဆိုးကျိုးနှင့် ပြစ်ဒဏ်များကိုလည်း ကြောက်ရွံ့ခြင်းမရှိ၊ အသက်ကို ကာကွယ်မှုပေးရန် ကတိကဝတ်ပြုထားသော ဘာသာခြားများနှင့်သက်ဆိုင်သည့် ကတိကိုလည်း လိုက်နာစောင့်ထိန်းခြင်းမရှိ၊ အုပ်ချုပ်သူ အာဏာပိုင်များနှင့် သက်ဆိုင်သည် ပဋိညာဉ်ကိုလည်း ချိုးဖောက်ပါက ထိုလုပ်ရပ်သည် ကြီးလေးသော ပြစ်မှုဒုစရိုက်ဖြစ်ပြီး မည်သူမဆို ထိုသို့လုပ်ပါက ဤပြင်းထန်သော ခြိမ်းခြောက်မှုနှင့် ထိုက်တန်သွားမည်ဖြစ်သည်။