တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကျွန်ုပ်တို့အပေါ်တွင် အုပ်ချုပ်သူ အာဏာပိုင်များ ခန့်အပ်ခြင်းခံရမည်ဖြစ်သည်။ ၎င်းတို့၏ အချို့လုပ်ရပ်များသည် ‘ရှရီအဟ်’ တရားတော်နှင့် ကိုက်ညီသည့်အတွက် ကျွန်ုပ်တို့ လက်ခံကြမည်ဖြစ်ပြီး အချို့လုပ်ရပ်များသည် ‘ရှရီအဟ်’ တရားတော်နှင့် ဆန့်ကျင်သည့်အတွက် ကျွန်ုပ်တို့ ငြင်းပယ်ကြမည်ဖြစ်သည်။ အကြင်သူသည် မကောင်းမှုကို မတားမြစ်နိုင်လျှင်လည်း စိတ်တွင်းမှ ယင်းမကောင်းမှုကို မုန်းတီးလျှင် ထိုသူသည် အပြစ်နှင့် ‘နိဖာက်’ အယောင်ဆောင်မှုမှ ကင်းလွတ်မည်ဖြစ်သည်။ အကြင်သူသည် လက်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ မကောင်းမှုကို တားမြစ်နိုင်စွမ်းရှိပါက ၎င်းတို့အား တားမြစ်ရမည်ဖြစ်သည်။ သို့ဖြစ်၍ ထိုသူသည် အပြစ်ကျူးလွန်ခြင်းနှင့် မကောင်းမှု၌ ပါဝင်ပတ်သက်ခြင်းမှ ကင်းဝေးမည်ဖြစ်သည်။ သို့သော်အကြင်သူသည် ထိုသူတို့၏လုပ်ရပ်ကို နှစ်သက်ပြီး ၎င်းတို့နောက်သို့လိုက်ပါက ၎င်းတို့ကဲ့သို့ပင် ပျက်စီးသွားမည်ဖြစ်သည်။ ထို့နောက် သာဝကကြီးများက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကျွန်ုပ်တို့သည် ထိုကဲ့သို့သော အာဏာပိုင်များကို စစ်တိုက်ရမည် မဟုတ်လောဟု မေးမြန်းခဲ့ကြရာ ကိုယ်တော်က ၎င်းတို့အား တားမြစ်တော်မူပြီး ၎င်းတို့အသင်တို့ထဲတွင် ဆွလာသ်ဆောက်တည်နေသရွေ့ ၎င်းတို့အား စစ်မတိုက်ကြလေနှင့်ဟု မိန့်ကြားတော်မူခဲ့သည်။