တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွဟာဗဟ် သာဝကကြီးများအား လွယ်ကူသည့်အခါတွင်ဖြစ်စေ၊ ခက်ခဲသည့်အခါတွင်ဖြစ်စေ၊ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အုပ်ချုပ်သူများ၊ အာဏာပိုင်များ၏ အမိန့်ကိုနာခံကြရန်၊ ၎င်းတို့၏အမိန့်များကို မိမိတို့စိတ်ထဲမှ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ နောက်ဆုံးထိုအာဏာပိုင်များသည် ပြည်သူ့ဘဏ္ဍာများ၊ ရာထူးအာဏာများ အခြားအရာများကို အုပ်ချုပ်ခံတို့ထက် မိမိတို့ကိုယ်ကို ပိုဦးစားပေးကြလျှင်လည်း ၎င်းတို့၏အမိန့်ကို ကောင်းမွန်စွာ နာခံကြမည်ဖြစ်ကြောင်း ပဋိညာဉ်ရယူခဲ့သည်။ ၎င်းတို့အားဆန့်ကျင်ပုန်ကန်မှု မပြုရခြင်းမှာ ထိုသို့ပုန်ကန်မှုကြောင့်ဖြစ်ပါ်လာသော ပြသနာများ၊ ဆိုးကျိုးများ၊ ပျက်စီးဆုံးရှုံးမှုများသည် ၎င်းတို့၏မတရားမှုကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများထက် ပို၍ပြင်းထန်သောကြောင့်ဖြစ်သည်။ ထို့ပြင် ဆွဟာဗဟ်ကြီးများ ကိုယ်တော်ထံ၌ ကတိပြုခဲ့သည့် အချက်များတွင် မည်သည့်နေရာ၌ပင်ရှိစေ အမှန်တရားကိုသာ ပြောမည်ဖြစ်ကြောင်းနှင့် ထိုသို့ အလ္လာဟ်အရှင်မြတ်အတွက် အမှန်တရားကိုပြောဆိုရာတွင် မည်သည့် ပြစ်တင်ကဲ့ရဲ့သူ၏ ပြစ်တင်ကဲ့ရဲ့ခြင်းကိုမျှ ကြောက်ရွံ့စိုးရိမ်မည် မဟုတ်ကြောင်းလည်းပါဝင်သည်။