တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ အမလ်ကျင့်ဆောင်မှုသည် ခြောက်မျိုးရှိပြီး လူသည် လေးမျိုးလေးစားရှိသည်။ အမလ်ကျင့်ဆောင်မှု ခြောက်မျိုးမှာ- (၁) အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်အတူ တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်းမပြုဘဲ ကွယ်လွန်သေဆုံးခဲ့ပါက ၎င်းသူအတွက် ဂျန္နသ် ဝါဂျိဗ်ဖြစ်သည်။ (၂) အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်အတူ တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်၍ ကွယ်လွန်သေဆုံးခဲ့ပါက ၎င်းသည် ဂျဟန္နမ်တွင်အမြဲနေထိုင်ရန် ဝါဂျိဗ်ဖြစ်သည်။ ထိုနှစ်ချက်သည် ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခုပင်ဖြစ်သည်။ (၃) ရည်စူးချက်ကြောင့် ရရှိသည့်ကုသိုလ်။ လူတစ်ဦးသည် မှန်ကန်သည့် ရည်စူးချက်ဖြင့် ကောင်းမှုပြုလုပ်ရန် ရည်ရွယ်ခဲ့သည်။ ထိုရည်ရွယ်ချက်ကို သူ၏စိတ်နှလုံးသားအတွင်းမှပင် ခံစားသိရှိခဲ့ပြီး အလ္လာဟ်အရှင်မြတ်သည် ၎င်းကို အကြွင်းမဲ့သိရှိတော်မူသည်။ ၎င်းနောက် သူသည်အကြောင်းတစ်စုံတစ်ရာကြောင့် ထိုကောင်းမှုအား မဆောင်ရွက်နိုင်ခဲ့လျှင်လည်း ၎င်းအတွက် ပြည့်စုံသည့်ကောင်းမှုကုသိုလ်တစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ (၄) အပြစ်ကျူးလွန်မှုကြောင့်ရရှိသည့် အကုသိုလ်။ လူတစ်ဦးသည် မကောင်းမှုတစ်ခုကို ကျူးလွန်လိုက်ပါက ထိုသူ့အတွက် မကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ ထို့ကြောင့် ဤနှစ်မျိုးသည် တိုးသွားခြင်းမရှိဘဲ တစ်ခုအစား ၎င်းနှင့် ညီမျှသည့် တစ်ခုကို ရရှိခြင်းဖြစ်သည်။ (၅) အကျိုးကုသိုလ် ဆယ်ခုနှင့် ညီမျှသည့် ကောင်းမှု။ မည်သူမဆို ကောင်းမှုတစ်ခု ပြုလုပ်ရန် ရည်ရွယ်ပြီး ထိုကောင်းမှုအားပြုလုပ်ခဲ့ပါက ၎င်းသူအတွက် အကျိုးကုသိုလ်ဆယ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ (၆) အကျိုးကုသိုလ် ခုနစ်ရာနှင့် ညီမျှသည့် ကောင်းမှု။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ လှူဒါန်းသုံးစွဲမှုတစ်ခုပြုခဲ့ပါက ထိုကောင်းမှုအစား အကျိုးကုသိုလ် ခုနှစ်ရာ ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ ဤသည် အရှင်မြတ်၏ကျေးကျွန်များအပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ရက်ရောမှုပင်ဖြစ်သည်။ လူလေးမျိုးလေးစား ရှိသည်။ ၎င်းတို့မှာ- (၁) လောကီတွင် ရိုဇီရိက္ခာပေါများပြီး မိမိအလိုရှိသည့် စည်းစိမ်ချမ်းသာကိုရရှိသူ။ သို့သော် ၎င်းသည်နောင်တမလွန်ဘဝတွင် ကျပ်တည်းသူဖြစ်ပြီး ၎င်း၏ပြန်လှည့်ရာနေရာဌာနသည် ငရဲမီးဖြစ်သည်။ ထိုသူသည် ချမ်းသာသော ကာဖိရ်ပင်ဖြစ်သည်။ (၂) လောကီတွင် ရိုဇီရိက္ခာကျပ်တည်းပြီး နောင်တမလွန်တွင် ကြွယ်ဝသူ။ ၎င်း၏ပြန်လှည့်ရာဌာနသည် ဂျန္နသ်သုခဘုံဖြစ်သည်။ ထိုသူသည် ဆင်းရဲသား မုအ်မင်န်ပင်ဖြစ်သည်။ (၃) လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးတွင် ကျပ်တည်းသူ။ ထိုသူသည် ဆင်းရဲသား ကာဖိရ်ပင်ဖြစ်သည်။ (၄) လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးတွင် ကြွယ်ဝသူ။ ထိုသူသည် ချမ်းသာသော မုအ်မင်န်ပင်ဖြစ်သည်။