အစ်ဗ်နုမတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ၎င်းတို့အား ခွသ်ဗဟ် တရားဟောကြားမှု စတင်ရာတွင်လည်းကောင်း၊ နိကာဟ် ခွသ်ဗဟ်၊ ဂျုမုအဟ် ခွသ်ဗဟ်နှင့် အခြားခွသ်ဗဟ်များကဲ့သို့ တစ်စုံတစ်ရာပြောကြားရန် လိုအပ်သည့်အခါတွင် စတင်ပြောကြားရသော ‘ခွသ်ဗသွလ်ဟာဂျဟ်’ ကို သင်ကြားပေးတော်မူသည်။ ထိုခွသ်ဗဟ်တွင် အလ္လာဟ်အရှင်မြတ်သည် အလုံးစုံသော ချီးမွမ်းထောမနာပြုခြင်းအပေါင်းကို ခံထိုက်တော်မူသော အရှင်ဖြစ်ကြောင်းရှင်းပြခြင်း၊ တုဖက်နှိုင်းယှဉ်ခြင်း ကင်းတော်မူသော တစ်ပါးတည်း ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံခြင်း၊ အပြစ်အကုသိုလ်များကို ဖုံးကွယ်ပေးကာ ခွင့်လွှတ်ချမ်းသာမှုပေးရန် တောင်းခံခြင်း၊ မကောင်းမှုတိုင်းမှလည်းကောင်း၊ မိမိတို့ကိုယ်တိုင်နှင့် အခြားသူများ၏ မကောင်းမှုများမှ လည်းကောင်း ကင်းဝေးရန် အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူခြင်း စသည်ဖြင့် ကြီးကျယ်လှသောအဓိပ္ပာယ်များ ပါဝင်ပေသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဧကန်မုချ ဟိဒါယသ် လမ်းမှန်တရားသည် အလ္လာဟ်အရှင်မြတ်၏ လက်ဝယ်၌သာရှိသည့်အတွက် အလ္လာဟ်အရှင်မြတ်က လမ်းမှန်တရားချီးမြှင့်လိုက်သူအား လမ်းမှားအောင် လုပ်နိုင်မည့်သူ ဟူ၍မရှိကြောင်းနှင့် အရှင်မြတ်က လမ်းမှားစေသူကိုလည်း လမ်းမှန်တရား ချီးမြှင့်ပေးနိုင်သူမရှိကြောင်း မိန့်ကြားသည်။ ၎င်းနောက် ဆက်လက်၍ သောင်ဟီးဒ်တရားတော်အား သက်သေခံခြင်းဖြစ်သည့် အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် ရိစာလသ်ကို သက်သေခံခြင်းဖြစ်သည့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်စေတမန်တော်ဖြစ်ကြောင်းကို တင်ပြခဲ့သည်။ ထို့နောက် ဤခွသ်ဗဟ်ကို အာယသ်တော်သုံးပါးနှင့် အဆုံးသတ်ထားသည်။ ယင်းအာယသ်တော်များတွင် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန်အတွက် အရှင်မြတ်၏အမိန့်တော်များကိုနာခံပြီး တားမြစ်ချက်များကို ရှောင်ကြဥ်ကာ သက္ကဝါတရား ထားရှိရန်ပါရှိသည်။ ဤအမိန့်အတိုင်း လိုက်နာဆောင်ရွက်သူသည် ပြောဆိုမှု၊ လုပ်ဆောင်မှုများတွင် မှန်ကန်ကောင်းမွန်လာခြင်း၊ မကောင်းမှုများ ပလပ်ခံရခြင်း၊ အပြစ်အကုသိုလ်များ ခွင့်လွှတ်ခံရခြင်း၊ လောကတွင် ကောင်းမွန်သော သက်တမ်းမျိုးကိုရရှိပြီး ကိယာမဟ်နေ့၌ ဂျန္နသ် သုခဘုံရရှိကာ အောင်မြင်မှုဆွတ်ခူးနိုင်းခြင်း စသည့် အကျိုးများကို ရရှိမည်ဖြစ်သည်။