တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဘကြီးတော် အဗူသွာလိဗ် ကွယ်လွန်ခါနီးနောက်ဆုံးအချိန်တွင် ကလိမဟ်ရှဟာဒသ် ရွတ်ဆိုရန် တိုက်တွန်းခဲ့သည်။ ဤသို့တိုက်တွန်းရခြင်းမှာ ကိယာမသ်နေ့၌ ထိုကလိမဟ်တော်ဖြင့် ဘကြီးတော်အား ရှဖာအသ် ကြားဝင်အသနားခံပေးရန်နှင့် မွတ်စ်လင်မ်ဖြစ်ကြောင်း သက်သေခံပေးရန်အတွက်ဖြစ်သည်။ သို့သော် ဘကြီးတော်သည် ကုရိုင်ရှ်တို့က မိမိအား အပြစ်တင်မည်ကို စိုးရိမ်သောကြောင့် ရှဟာဒသ်ရွတ်ဆိုရန် ငြင်းခဲ့သည်။ ကုရိုင်ရှ်တို့က မိမိအား သေရမည်ကို ကြောက်သည့်စိတ်နှင့် ချည့်နဲ့မှုတို့ကြောင့် အစ္စလာမ်သာသနာကို လက်ခံလိုက်သည်ဟုပြောကြမည်ကို စိုးရိမ်မိသည်။ ထို့နောက် ဘကြီးတော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ပြောကြားခဲ့သည်မှာ ကုရိုင်ရှ်တို့ပြစ်တင်ပြောဆိုကြမည်ကို မစိုးရိမ်ပါက အမှန်တကယ်ပင် ကျွန်ုပ်သည် ကလိမဟ်ရှဟာဒသ်ကို ရွတ်ဆိုကာ သင်၏စိတ်နှလုံးကို ပျော်ရွှင်စေမည်ဖြစ်ပြီး သင်ကျေနပ်သည်အထိ သင့်ဆန္ဒကိုဖြည့်ဆည်းပေးမည်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ကျမ်းမြတ်ကုရ်အာန်၏ အာယသ်တော်ကို ချပေးတော်မူခဲ့သည်။ ထိုအာယသ်တော်က ညွှန်ပြနေသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်သာသနာပေါ်တွင် လိုက်နာကျင့်သုံးနိုင်စွမ်း ချီးမြှင့်သည့် ဟိဒါယသ်လမ်းမှန်တရားမျိုးကို မပိုင်ဆိုင်ပေ။ အမှန်တကယ်ပင် တစ်ဆူတည်းတစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည်သာ မိမိအလိုရှိသူကို လိုက်နာကျင့်သုံးနိုင်စွမ်း ပေးတော်မူသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အဖန်ဆင်းခံတို့အား ညွှန်ကြားပြသခြင်း၊ ရှင်းလင်းတင်ပြခြင်း၊ လမ်းညွှန်ပေးခြင်း၊ ဖြောင့်မတ်မှန်ကန်သည့်လမ်းစဉ်ဘက်သို့ ဖိတ်ခေါ်ခြင်းအားဖြင့် ဟိဒါယသ် တရားလမ်းမှန်ဘက်သို့ ညွှန်ကြားပြသနိုင်ပေသည်။