အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်။ ဆွဟာဗဟ် သာဝကကြီးများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ဗလီဝတ်ကျောင်းတော်၌ ထိုင်နေကြစဉ် ပုဂ္ဂိုလ်တစ်ဦးသည် ကုလားအုတ်စီးပြီး ဝင်ရောက်လာခဲ့သည်။ ၎င်းသည် ကုလားအုတ်ကို ဗလီမျက်နှာစာ၌ ဝပ်တွားစေပြီး ချည်နှောင်ခဲ့သည်။ ထို့နောက် ၎င်းက သာဝကြီးများအား အသင်တို့ထဲ၌ မုဟမ္မဒ် ဆိုသူမှာ မည်သူပါနည်းဟု မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွဟာဗဟ်တို့၏ အလယ်တွင် မှီလျက်ထိုင်နေတော်မူသည်။ ကျွန်ုပ်တို့က ဤမှီလျက်ထိုင်နေတော်မူပြီး အသားဖြူသော ပုဂ္ဂိုလ်ဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ၎င်းက ကိုယ်တော်မြတ်အား အို- အဗ်ဒုလ်မုသ်သွလိဗ်၏သားဟု ခေါ်လိုက်သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအား ကျွန်ုပ်နားထောင်နေသည် အသင်မေးပါ အသင့်စကားကို အဖြေပေးမည်ဟုဖြေကြားခဲ့သည်။ ထိုအခါ ၎င်းက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားသည်မှာ ကျွန်တော် ကိုယ်တော့်ကို မေးခွန်းတချို့ မေးမြန်းမည့်သူ ဖြစ်ပါသည်။ မေးသည့်အခါတွင်လည်း ကိုယ်တော့်အပေါ် ခက်ခက်ထန်ထန်ပြောဆိုပါမည်။ ကိုယ်တော့်စိတ်ထဲ၌ ကျွန်တော့်အား ဒေါသမဖြစ်ပါနှင့်။ စိတ်မဆိုးပါနှင့်။ ထိုအခါကိုယ်တော်က အသင်မေးမြန်းလိုသည်ကို မေးမြန်းပါဟု မိန့်တော်မူလိုက်သည်။ ၎င်းက ပြောသည်မှာ ကိုယ်တော်၏ အရှင်သခင်၊ကိုယ်တော်မတိုင်ခင်က ရှိခဲ့ကြသူများ၏ အရှင်သခင်ကို တိုင်တည်၍ ကိုယ်တော့်အား ကျွန်တော် လျှောက်ထားမေးမြန်းပါမည်။ အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား လူသားအားလုံးထံသို့ (တမန်တော်အဖြစ်)စေလွှတ်တော်မူခဲ့သည်မှာ ဟုတ်ပါသလား။ ထိုအခါ ကိုယ်တော်က မှန်ကန်ကြောင်းကို လေးနက်စေရန်အတွက် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ တစ်နေ့နှင့်တစ်ညတွင် ကျွန်ုပ်တို့ ဆွလာသ်ငါးကြိမ် ဆောက်တည်ရန်အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ဤသည် ဖရ်ဿ်ွဆွလာသ်များနှင့် ပတ်သက်၍မေးမြန်းခြင်းဖြစ်သည်။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ တစ်နှစ်တွင် ဤ(ရမသွာန်)တစ်လ ကျွန်ုပ်တို့ ဆွိယာမ်ဥပုသ် စောင့်ထိန်းရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ ကျွန်တော်တို့အနက်မှ ချမ်းသာသောသူများထံမှ ဤဇကာသ်ကိုယူ၍ ကျွန်တော်တို့အနက်မှ ဆင်းရဲသားများကို ပြန်၍ခွဲဝေပေးရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ထိုအခါ ၎င်းပုဂ္ဂိုလ်သည် အီမာန်သက်ဝင်ယုံကြည်ခဲ့သည်။ ထို့နောက် ၎င်းက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မိမိသည် မိမိအမျိုးသားများကို အစ္စလာမ်သာသနာဘက်သို့ ဖိတ်ခေါ်မည်ဖြစ်ကြောင်းကို အသိပေးခဲ့သည်။ ၎င်းနောက် မိမိကိုယ်မိမိ မိတ်ဆက်ခဲ့ပြီး သူသည် ဿွိမားမ်ဗင်န် ဆအ်လဗဟ်ဖြစ်ပြီး ဗနူစအဒ်ဗင်န်ဗကရ်မျိုးနွယ်ဝင် တစ်ဦးလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။