တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိဘကြီး အဗူသွာလိဗ် ကွယ်ခါလွန်နီးအချိန်တွင် သူ့ထံ ဝင်ရောက်လာခဲ့သည်။ ထို့နောက် ကိုယ်တော်က အို ကျွန်တော်၏ဘကြီး ‘လာအိလာဟ အိလ္လလ္လာဟ်’ဟူသည့် ကလိမဟ်တော်ကို ရွတ်ဆိုလိုက်ပါ။ ကျွန်တော်သည် ဘကြီးအတွက် ဤကလိမဟ်တော်ဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် သက်သေခံပေးပါမည်ဟု ပြောကြားခဲ့သည်။ ထိုအခါ အဗူဂျဟ်လ်နှင့် အဗ်ဒုလ္လာဟ်ဗင်န် အဗီအုမိုင်းယဟ်တို့က အို အဗူသွာလိဗ် အသင်သည် သင့်ဖခင် အဗ်ဒုလ်မုသ်ွသွလိဗ်၏ သာသနာကို စွန့်လွှတ်တော့မှာလားဟု ပြောဆိုခဲ့ကြသည်။ ထိုသာသနာမှာ ရုပ်တုကိုးကွယ်သည့် သာသနာဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် သူ့အား ထိုစကားကိုသာ အဆက်မပြတ်ပြောကြားနေရာ နောက်ဆုံးတွင် အဗူသွာလိဗ်က ၎င်းတို့အား နောက်ဆုံး ပြန်လည်ပြောကြားသည့်စကားမှာ ၎င်းအနေဖြင့် ရုပ်တု ကိုးကွယ်သည့် သာသနာ၊ ဖက်စပ်ယှဉ်တွဲကိုးကွယ်သည့် သာသနာဖြစ်သော အဗ်ဒုလ်မုသ်ွသွလိဗ်၏ သာသနာပေါ်တွင်သာ တည်မြဲနေမည်ဟူသည့် စကားပင်ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က သင်နှင့်ပတ်သက်၍ ကျွန်ုပ်အား တားမြစ်ပိတ်ပင်ခြင်း မပြုသမျှ ကာလပတ်လုံး အသင့်အတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံပေးမည်ဟု ပြောကြားခဲ့သည်။ ထိုအခါ ဤအာယသ်တော်ကို ကျရောက်လာသည်။ (နဗီတမန်တော်မြတ်၌လည်းကောင်း၊ ထို့အတူ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌လည်းကောင်း၊ မုရှ်ရိက်တို့အဖို့ ၎င်းတို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသားများဖြစ်ကြောင်း မိမိတို့၌ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိချေ။) ကုရ်အာန် (၉:၁၁၃) ထို့ပြင် အဗူသွာလိဗ်နှင့် ပတ်သက်၍ အောက်ပါအာယသ်တော် ကျရောက်လာခဲ့သည်။ (ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိ အလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။) ကုရ်အာန် (၂၈:၅၆) ထိုအာယသ်တော်၌ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အသင်သည် မိမိနှစ်သက်လိုလားသူအား ဟိဒါယသ် တရားလမ်းမှန် မချီးမြှင့်နိုင်ကြောင်းနှင့် အသင်၏တာဝန်မှာ ပို့ချရန်သာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ကသာ မိမိ အလိုရှိသူအား ဟိဒါယသ် တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူကြောင်း မိန့်ကြားတော်မူထားသည်။