အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဝုဿူပြုနည်းအား ပိုမိုရှင်းလင်းစေရန်အတွက် လက်တွေ့နည်းလမ်းဖြင့် သင်ကြားပေးခဲ့သည်။ သာဝကကြီးသည် ရေတစ်ခွက်တောင်းယူပြီး မိမိလက်နှစ်ဖက်ပေါ် သုံးကြိမ်လောင်း၍ ဆေးကြောခဲ့သည်။ ထို့နောက် မိမိညာလက်ကို အိုးထဲထည့်၍ ရေယူကာ ပလုတ်ကျင်းပြီး ထွေးထုတ်ခဲ့သည်။ ၎င်းနောက် နှာခေါင်းတွင်းရေရှူသွင်းပြီး ညှစ်ထုတ်ကာ သန့်စင်မှုပြုခဲ့သည်။ ထို့နောက် မိမိမျက်နှာကို သုံးကြိမ်ဆေးကြောခဲ့သည်။ ပြီးနောက် လက်နှစ်ဖက်ကို တံတောင်ဆစ် အပါအဝင် သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် စိုနေသောလက်ဖြင့် ဦးခေါင်းကို တစ်ကြိမ် မစဟ်ပြုပွတ်သပ်ခဲ့သည်။ ပြီးနောက် မိမိ၏ခြေထောက်နှစ်ဖက်ကို ခြေမျက်စိအပါအဝင် သုံးကြိမ်ဆေးကြောခဲ့သည်။ အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)သည် ဝုဿူပြုပြီးနောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤဝုဿူအတိုင်း ဝုဿူပြုတော်မူသည်ကို မိမိမြင်တွေ့ခဲ့ကြောင်း ပြောပြခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းတို့အား သတင်းကောင်းပြောကြားခဲ့သည်။ မည်သူမဆို ငါကိုယ်တော်ဝုဿူပြုသည့်နည်းအတိုင်း ဝုဿူပြုပြီး အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် စိတ်နှလုံးသားအတွင်းမှ ကျိုးနွံမှုနှင့်တကွ ဆွလာသ်နှစ်ရကအသ် ဆောက်တည်မည်ဆိုပါက ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ပြည့်စုံသည့် ဝုဿူနှင့် အိခ်လာဆ်ွနှင့် ဆောက်တည်သည့် ဆွလာသ်၏အစား ထိုသူယခင်က ကျူးလွန်ခဲ့သော အပြစ်များကို ခွင့်လွှတ်ချမ်းသာပေးတော်မူမည် ဖြစ်သည်။