အဗ်ဒုလ္လာဟ်ဗင်န် ဇိုက်ဒ်(ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဝူဿွူပြုလုပ်ပုံကို လက်တွေ့ပြသခဲ့သည်။ သူသည် ရေအိုးအသေးတစ်လုံးကို တောင်းခဲ့ပြီး ပထမဦးဆုံး မိမိ၏လက်နှစ်ဖက်ကို ဆေးကြောခြင်းဖြင့် စတင်ခဲ့သည်။ ထို့ကြောင့် ရေအိုးကိုစောင်းကာ မိမိလက်နှစ်ဖက်ပေါ်သို့ ရေလောင်းချပြီး ရေအိုးအပြင်ဘက်၌ လက်နှစ်ဖက်ကို သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် မိမိလက်ကို ရေအိုးထဲသို့ ထည့်ကာ သုံးကြိမ်ရေယူသည်။ တစ်ကြိမ်စီတိုင်းတွင် ရေယူပြီးနောက် ပလုတ်ကျင်းခြင်း နှာခေါင်းထဲသို့ ရေထည့်ကာ ညှစ်ထုတ်သန့်စင်ခြင်း တို့ကိုပြုလုပ်ခဲ့သည်။ ထို့နောက် အိုးထဲမှ ရေယူကာ မျက်နှာအား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် အိုးထဲမှ ရေယူကာ မိမိလက်နှစ်ဖက်ကို တံတောင်ဆစ်အထိ နှစ်ကြိမ်စီ ဆေးကြောခဲ့သည်။ ထို့နောက် မိမိ၏လက်နှစ်ဖက်အား အိုးထဲသို့ ထည့်ပြီး လက်နှစ်ဖက်ဖြင့် သူ၏ဦးခေါင်းအား တစ်ကြိမ် မစဟ်ပြု ပွတ်သပ်ခဲ့သည်။ မစဟ်ပြုရာတွင် ဦးခေါင်းအရှ့ဘက်မှ စတင်ကာ အနောက်ဘက် လည်ဂုတ်အစပ်နားအထိ ပွတ်သပ်ပြီး ထိုမှတဖန် ဦးခေါင်းအရှ့ဘက် မစဟ်စတင်ပြုလုပ်ရာသို့ ပြန်လည် ပွတ်သပ်ခဲ့သည်။ ၎င်းနောက် မိမိ၏ခြေထောက်နှစ်ဖက်အား ခြေမျက်စိအပါအဝင် ဆေးကြောခဲ့သည်။