တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စာဗိသ်ဗင်န်ကိုင်းစ်(ရဿွိယလ္လာဟုအန်ဟု)အား ရှာမတွေ့သဖြင့် သူနှင့် ပတ်သက်၍ မေးမြန်းတော်မူခဲ့သည်။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ ကျွန်တော်မျိုး ကိုယ်တော့်အတွက် ၎င်း၏သတင်းကိုယူလာပါမည်၊ သူပျောက်ကွယ်နေရသည့်အကြောင်းကိုလည်း ပြောပြပါမည်ဟု လျှောက်ထားခဲ့သည်။ ၎င်းနောက် ထိုပုဂ္ဂိုလ်သည် စာဗိသ်ထံသို့ သွားသောအခါ စာဗိသ်သည် မိမိအိမ်၌ စိတ်မကောင်းဖြစ်ကာ ခေါင်းငိုက်စိုက်၍ ထိုင်နေသည်ကိုမြင်တွေ့ရသဖြင့် အသင့်အခြေအနေ မည်သို့ရှိပါသနည်းဟုမေးမြန်းခဲ့သည်။ စာဗိသ်က မိမိအခြေအနေမှာ ဆိုးရွားပါသည်ဟု ဖြေကြားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဆာဗိသ်သည် မိမိ၏အသံကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အသံထက်ပိုကျယ်လေ့ရှိသည်။ မည်သူမဆို ဤသို့ပြုလုပ်ပါက သူ၏အမလ်ကျင့်ဆောင်မှုများ ပျက်စီးသွားကာ သူကိုယ်တိုင်လည်း ငရဲသားတို့တွင်ပါဝင်သွားကြောင်း အလ္လာဟ်အရှင်မြတ်က သတိပေးခြိမ်းခြောက်ထားသည်။ ၎င်းနောက် ထိုပုဂ္ဂိုလ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ ဆာဗိသ်က ဤကဲ့သို့ ပြောဆိုကြောင်း လျှောက်ထားခဲ့သည်။ ကိုယ်တော်မြတ်က ထိုပုဂ္ဂိုလ်အား စာဗိသ်ထံပြန်သွားကာ သူသည်ငရဲသားတို့အနက်မှမဟုတ်ဘဲ သုခဘုံသားတို့အနက်မှဖြစ်ကြောင်းကို သတင်းကောင်းပေးရန် မိန့်ကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော်စာဗိသ်သည် ပင်ကိုအသံကျယ်သူဖြစ်ပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ခန့်ထားသော မိန့်ခွန်းပြောကြားသူ၊ အန်ဆွာရီတို့ကို မိန့်ခွန်းပြောကြားသူဖြစ်သည်။ ထို့ကြောင့်သာ ကိုယ်တော့်ထက် အသံ ကျယ်သွားရခြင်းဖြစ်သည်။