နဂျဒ်ဒေသခံ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာခဲ့သည်။ ၎င်း၏ဆံပင်များမှာ ရှုပ်ထွေးနေပြီး အသံမှာလည်း ကျယ်လောင်ကာ ၎င်းပြောသောစကားကို နားလည်ရန် ခက်ခဲသည်။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ အနားသို့ လာရောက်ခဲ့ပြီး အစ္စလာမ့်တာဝန်ဝတ္တရားများနှင့် ပတ်သတ်၍ မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဆွလာသ်ဝတ်ပြုခြင်းဖြင့် အစပြုတော်မူခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ၎င်းအပေါ်၌ နေ့စဥ်တစ်ရက်နှင့် တစ်ညတွင် ဆွလာသ်ငါးကြိမ်ဝတ်ပြုရန် ဖရဿ်ွအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားတော်မူကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။ ထိုလူက “ဤဆွလာသ်ငါးကြိမ်အပြင် ကျွန်ုပ်အပေါ် အခြားဆွလာသ်တစ်စုံတစ်ရာကို ဝတ်ပြုရန် တာဝန်ရှိပါသေးသလား” ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က “မရှိပါ။ သင်သည် နဖိလ်ဆွလာသ်များကို အပို ဆောင်း ဝတ်ပြုခြင်းမှလွဲ၍ အခြားဆွလာသ်တစ်စုံတစ်ရာ ဝတ်ပြုရန် တာဝန်မရှိပါ” ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က “ သင့်အပေါ်၌ အလ္လာဟ်အရှင်မြတ် ဖရဿ်ွအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားတော်မူသည့်အရာများအနက် ရမဿွာန်လ၏ ရိုဇဟ်ဥပုသ်စောင့်ထိန်းခြင်းလည်း အပါအဝင်ဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုလူက “ရမဿွန်လ၏ ရိုဇဟ်ဥပုသ်စောင့်ထိန်းခြင်းအပြင် ကျွန်ုပ်အပေါ် အခြားသော ရိုဇဟ်ဥပုသ်တစ်စုံတစ်ရာ ထပ်မံ စောင့်ထိန်းရန် တာဝန်ရှိပါသေးသလား” ဟု မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က “မရှိပါ။ သင်သည် နဖိလ်ရိုဇဟ်များကို အပိုဆောင်းထားခြင်းမှလွဲ၍ အခြား ရိုဇဟ်တစ်စုံတစ်ရာထပ်မံထားရန် တာဝန်မရှိပါ” ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် သူ့အား ဇကာသ်ပေးဆောင်ခြင်းအကြောင်းကို တင်ပြမိန့်ကြားတော်မူခဲ့သည်။ ထိုလူက “ဖရဿွ်ဇကာသ်အပြင် ကျွန်ုပ်အပေါ် အခြားသော စွဒ်ကဟ်ဒါနတစ်စုံတစ်ရာ ထပ်မံပေးဆောင်ရန် တာဝန်ရှိပါသေးသလား” ဟု မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က “မရှိပါ။ သင်သည် နဖိလ် စွဒ်ကဟ်ဒါနများကို အပိုဆောင်းပေးကမ်းခြင်းမှလွဲ၍ အခြားစွဒ်ကဟ်ဒါန တစ်စုံတစ်ရာပေးဆောင်ရန် တာဝန်မရှိပါ” ဟု ဖြေကြားတော်မူခဲ့သည်။ ထိုလူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံမှ ဤဖရဿွ်တာဝန်များကို ကြားပြီးနောက် ကျောခိုင်းထွက်ခွာသွားခဲ့ပြီး “ ကျွန်ုပ်သည် ဤတာဝန်ဝတ္တရားများကို တိုးလည်းမတိုး၊ လျှော့လည်းမလျှော့ဘဲ အတိအကျ လိုက်နာဆောင်ရွက်ပါမည်” ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောဆိုခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ၎င်း၏ စကားအဆုံးတွင် ဤသို့ မိန့်ကြားတော်မူခဲ့သည်- “ထိုသူသည် မိမိကျိန်ဆိုခဲ့သည့်အတိုင်း အမှန်တကယ်လိုက်နာခဲ့ပါလျှင် ဧကန်မုချ အောင်မြင်သောသူတို့ထဲမှ ဖြစ်လိမ့်မည်။