လူသတ်မှုနှင့် ‘ဇိနာ’ကာမေသုမိစ္ဆာစာရအမှုကို အမြောက်အမြားကျူးလွန်ခဲ့ကြသော မုရှ်ရိက်အချို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်ခဲ့ကြသည်။ ထို့နောက် ကိုယ်တော့်အား လျှောက်ထားကြသည်မှာ အသင် ဖိတ်ခေါ်နေသည့် အစ္စလာမ်သာသနာနှင့် အစ္စလာမ့်၏ပို့ချမှုများသည် အလွန်ပင်ကောင်းမွန်လှ၏။ သို့သော် ကျွန်ုပ်တို့၏ လက်ရှိအခြေအနေနှင့် ယခင်က ကျူးလွန်ခဲ့သော ရှိရ်က်ပြစ်မှုနှင့် အခြားပြစ်မှုများအား ပလပ်သွားစေမည့် အရာရှိပါသလား ဟုလျှောက်ထားခဲ့ကြသည်။ ထိုအခါ ယင်းအာယသ်တော်နှစ်ပါး ကျရောက်လာခဲ့သည်။ ထိုအာယသ်တော်များတွင် လူသားတို့သည် ကြီးမားများပြားလှသည့် အပြစ်အကုသိုလ်များ ကျူးလွန်ထားလျှင်လည်း အရှင်မြတ်သည် ၎င်းတို့၏ သောင်ဗဟ် အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူကြောင်းပါရှိသည်။ ထိုသို့မဟုတ်ပါက ၎င်းတို့သည် မိမိတို့၏ ကုဖ်ရ် သွေဖည်ငြင်းပယ်မှု၊ ဆိုးသွမ်းမှုအပေါ်တွင်သာ ဆက်လက်ရှိနေမည်ဖြစ်ပြီး အစ္စလာမ်သာသနာသို့ ဝင်ရောက်ကြမည်မဟုတ်ပေ။