တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ ကိယာမသ်နေ့တွင် သေခြင်းတရားအား အနက်ရောင်နှင့် အဖြူရောင်အမွေးပါရှိသော သိုးထီးတစ်ကောင်ပုံစံဖြင့် ယူဆောင်လာမည်ဖြစ်သည်။ ၎င်းနောက် အို ဂျန္နသ်သုခဘုံသားတို့ ဟု ခေါ်လိုက်သည့်အခါ ၎င်းတို့က လည်ဂုတ်ကိုစန့်၍ ခေါင်းထောင်ကာ ကြည့်ရှုကြလိမ့်မည်။ ထိုအခါ အသင်တို့ ဤသိုးကို သိကြလေသလောဟုမေးမြန်းလိမ့်မည်။ ၎င်းတို့က ဟုတ်ကဲ့၊ ဤအရာသည်သေခြင်းတရားဖြစ်ပါသည်ဟု ဖြေကြားကြမည်။ ၎င်းတို့အားလုံးသည် ထိုသေခြင်းတရားအားသိရှိမြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ထို့နောက် ကြေညာသူတစ်ဦးက ကြေညာမည်မှာ ၎င်းက အို-ငရဲသားအပေါင်းတို့၊ ၎င်းတို့က လည်ဂုတ်ကိုစန့်၍ ခေါင်းထောင်ကာ ကြည့်ရှုကြလိမ့်မည်။ ထိုအခါ အသင်တို့ ဤသိုးကိုအသင်တို့သိကြလေသလောဟု မေးမြန်းလိမ့်မည်။ ၎င်းတို့က ဟုတ်ကဲ့၊ ဤအရာသည်သေခြင်းတရားဖြစ်ပါသည်ဟု ဖြေကြားကြမည်။ ၎င်းတို့အားလုံးသည် ထိုသေခြင်းတရားအားသိရှိမြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ထိုအခါ သေခြင်းတရားသည် (သိုးပုံစံနှင့်) လည်လှီးခြင်းခံလိုက်ရမည်။ ထို့နောက်ကြေညာသူက အို-ဂျန္နသ်သုခဘုံသားတို့၊ သေဆုံးခြင်း မရှိတော့ဘဲ ဂျန္နသ်၌အမြဲထာဝရ နေထိုင်ကြလော့။ အို-ငရဲဘုံသားတို့၊ သေဆုံးခြင်း မရှိတော့ဘဲ ဂျဟန္နမ်ငရဲ၌ အမြဲထာဝရနေထိုင်ကြလော့ဟု ကြေညာမည်ဖြစ်သည်။ ဤသည် မုအ်မင်န်တို့အတွက် နိအ်မသ်စည်းစိမ်များ ပို၍များပြားစေရန်နှင့် ကာဖိရ်တို့အတွက် အဇာဗ်ပြစ်ဒဏ် ပို၍ပြင်းထန်စေရန်အတွက်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအာယသ်တော်အား ဖတ်ရွတ်တော်မူသည်။ (၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား အကြင်ဝမ်းနည်းကြေကွဲရမည့်နေ့နှင့် စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ထိုနေ့တွင် အမှုကိစ္စအဝဝသည် (နောက်ဆုံးအနေဖြင့်) စီရင်ဆုံးဖြတ်ပြီး ဖြစ်အံ့သတည်း။ ယခုအခါ သူတို့သည်မေ့လျော့ပေါ့ဆ၍နေကြ၏။ ထို့အပြင် ၎င်းတို့သည် မယုံကြည်ကြချေ။) ကုရ်အာန် (၁၉း၃၉) ကိယာမသ်နေ့တွင် ဂျန္နသ်သုခဘုံသားများနှင့် ငရဲဘုံသားများကို ခွဲခြားလိုက်မည်ဖြစ်ပြီး လူတိုင်းသည် မိမိရောက်ရှိမည့်နေရာဌာနသို့ ဝင်ရောက်ကာ ထာဝရနေထိုင်ရမည်ဖြစ်သည်။ မကောင်းမှုကျူးလွန်သူသည် ကောင်းမှုများမလုပ်ခဲ့သည့်အတွက် နောင်တရမည်ဖြစ်ပြီး ကောင်းမှုကုသိုလ် နည်းပါးသူသည်လည်း ကောင်းမှုကုသိုလ်မြားမြောင်စွာမပြုခဲ့သည့်အတွက် နောင်တရမည်ဖြစ်သည်။