မုအာဇ်ဗင်န်ဂျဗလ် (ရဿွိယလ္လာဟုအန်ဟု)သည် အစီးအနင်းပေါ်၌ ကိုယ်တော်၏ နောက်တွင် လိုက်ပါစီးနင်းခဲ့သည်။ ကိုယ်တော်က သူ့အား အို-မုအာဇ်ဟု ခေါ်လိုက်သည်။ ကိုယ်တော်သည် မိမိရှေ့ဆက်ပြောမည့်စကားကို အလေးအနက်ထားစေရန်အတွက် သူ့အား သုံးကြိမ်တိုင်တိုင် ခေါ်တော်မူသည်။ ကိုယ်တော်က ခေါ်လိုက်တိုင်း မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)က “အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်။” ဟု ဖြေကြားခဲ့သည်။ ဆိုလိုသည်မှာ ကျွန်တော်မျိုးသည် အကြိမ်ကြိမ် ကိုယ်တော်၏ အမိန့်ကိုနာခံနေပါသည်။ ကိုယ်တော်၏ အမိန့်ကိုနာခံရန် အမြဲအဆင်သင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားသည်မှာ မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို လိမ်လည်၍ မဟုတ်ဘဲ စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံပြီး ဤအခြေအနေ၌ပင် ကွယ်လွန်သွားခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည် ဖြစ်သည်။ ထိုအခါ မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)က လူတို့ ဝမ်းမြောက်ပျော်ရွှင်ကြစေရန်နှင့် သတင်းကောင်း ရရှိကြစေရန်အတွက် ဤသတင်းကို လူတို့အား ပြောပြရန် တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ခွင့်တောင်းခဲ့သည်။ သို့သော် တမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတို့သည် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး အမလ်ကျင့်ဆောင်မှု လျော့နည်းသွားကြမည်ကို စိုးရိမ်တော်မူခဲ့သည်။ ထို့ကြောင့် မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)သည် ဤသတင်းကို မည်သူ့ကို မှ မပြောပြခဲ့ပေ။ သို့သော် ကွယ်လွန်ခါနီးအချိန်၌ အသိပညာကို ဖုံးကွယ်သည့် အပြစ်ထိုက်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ပြောပြခဲ့ခြင်းဖြစ်သည်။