တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ- အလ္လာဟ်အရှင်မြတ်သည် အစ္စလာမ်သာသနာကို အကွေ့အကောက်မရှိဘဲ ရှည်လျားပြီးဖြောင့်မတ်မှန်ကန်သည့်လမ်းဖြင့် ပမာပေးတော်မူခဲ့သည်။ ထိုလမ်း၏ ဘေးနှစ်ဘက်တွင် တံတိုင်းနှစ်ခု ကာရံထားပြီး ၎င်းတံတိုင်းနှစ်ခုမှာ အလ္လာဟ်အရှင်မြတ်၏ ကန့်သတ်နယ်နိမိတ်များဖြစ်သည်။ ယင်းတံတိုင်းနှစ်ခုတွင် ဖွင့်ထားသည့်တံခါးများရှိပြီး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ အဖြစ် တားဆီးထားသည့် အရာများဖြစ်ကြသည်။ ထိုတံခါးများပေါ်တွင် လိုက်ကာများရှိပြီး လမ်းပေါ်မှ လျှောက်လှမ်းသွားသူအတွက် ထိုတံခါးများအတွင်း၌ မည်သူရှိကြောင်းကို မသိရပေ။ လမ်း၏အစတွင် လူတို့အား လမ်းညွှန်ဖိတ်ခေါ်နေသူတစ်ဦးရှိပြီး ၎င်းက လူတို့အား သင်တို့သည် ထိုလမ်းမပေါ်၌ ဘယ်ညာ မတိမ်းစောင်းဘဲ လျှောက်လှမ်းကြပါဟု ဖိတ်ခေါ်လျှက်ရှိသည်။ ဤသို့ဖိတ်ခေါ်နေသူမှာ အလ္လာဟ်အရှင်မြတ်၏ကျမ်းတော် ကုရ်အာန်ကျမ်းမြတ်ပင်ဖြစ်သည်။ ထို့အတူ လမ်း၏အပေါ်ဘက်တွင် အခြားဖိတ်ခေါ်သူတစ်ဦးရှိနေပြီး ၎င်းက ထိုလမ်းပေါ်တွင် လျှောက်လှမ်းနေသူတစ်ဦးက တံခါးများရှိ လိုက်ကာများကို အနည်းငယ်မျှ ဖွင့်ကြည့်ရန် ရည်ရွယ်လိုက်တိုင်း ၎င်းအား သတိပေးကြိမ်းမောင်းပြောဆိုသည်မှာ သင့်အတွက် ဝမ်းနည်းလေစွ၊ ၎င်းကိုမဖွင့်လေနှင့် အကယ်၍ အသင်ဖွင့်လိုက်လျှင် ဝင်ရောက်သွားလိမ့်မည်။ ထိုထဲသို့ မဝင်ရောက်ရန် မိမိကိုယ် မိမိထိန်းချုပ်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ ဤသို့ဖိတ်ခေါ်သူသည် မွတ်စ်လင်မ်တိုင်း၏ နှလုံးသားထဲတွင်ရှိသည့် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဆုံးမသူ(အီမာန်ယုံကြည်မှုပင်) ဖြစ်သည်။