တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကမွတ်စ်လင်မ်တို့သည် နောက်တစ်နေ့တွင် ခိုင်ဗရ်ရှိ ယဟူဒီများအား အောင်နိုင်မည်ဖြစ်ကြောင်းကို အသိပေးမိန့်ကြားတော်မူခဲ့၏။ ထိုအောင်မြင်မှုသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် ) အလံတော်ကို လွှဲအပ်မည့် ပုဂ္ဂိုလ်တစ်ဦး၏ လက်ပေါ်တွင် ဖြစ်မည်ဖြစ်၏။ အလံဆိုသည်မှာ တပ်မတော်က သင်္ကေတအဖြစ် အသုံးပြုသော အမှတ်အသားတစ်ခုပင်ဖြစ်၏။ အလံတော်ကို ချီးမြှင့်ခံရမည့်သူ၏ ဂုဏ်အရည်အချင်းများအနက်တစ်ခုမှာ- သူသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်အား ချစ်မြတ်နိုးပြီး အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကလည်း သူ့အား ချစ်မြတ်နိုးတော်မူသော ပုဂ္ဂိုလ်ဖြစ်၏။ ထို့ကြောင့် စွဟာဗဟ်များသည် ထိုညတွင် ဤကြီးကျယ်မြင့်မြတ်သောဂုဏ်သိက္ခာကို ရရှိမည့်သူ မည်သူဖြစ်မည်ကို စိတ်ဝင်စားစွာဖြင့် ဆွေးနွေးငြင်းခုံရင်း မိမိတို့၏ညကို ကုန်လွန်စေခဲ့ကြ၏။ နံနက်အချိန်ရောက်သောအခါ ၎င်းတို့အားလုံးသည် ဤဂုဏ်သိက္ခာကို ရရှိရန် မျှော်လင့်ဆန္ဒပြုလျက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ သွားရောက်ခဲ့ကြ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလီ(ရဿွိယလ္လာဟုအန်ဟု)အ ကြောင်းကို မေးမြန်းတော်မူခဲ့၏။ လူတို့က “ ၎င်းသည် မျက်စိနှစ်ဖက်တွင် နာကျင်မှုကို ခံစားနေရပါသည်” ဟု ပြောကြားခဲ့ကြ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အလီ(ရဿွိယလ္လာဟုအန်ဟု)အား လူလွှတ်၍ ခေါ်ခိုင်းတော်မူခဲ့ရာ သူ့အား ခေါ်ဆောင်လာခဲ့ကြ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မိမိ၏ မြင့်မြတ်သော(ဗရ်ကသ်မင်္ဂလာဖြင့် ပြည့်စုံသော) တံတွေးဖြင့် အလီ(ရဿွိယလ္လာဟုအန်ဟု)၏ မျက်လုံးနှစ်ဘက်ကို စွတ်ပေးတော်မူပြီး သူ့အတွက် ဒုအာတောင်းပေးတော်မူခဲ့၏။ ထိုအခါ သူသည် ရောဂါပျောက်ကင်းသွားပြီး ယခင်က မည်သည့်နာကျင်မှုမျှ မရှိခဲ့သကဲ့သို့ ဖြစ်သွား၏။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် သူ့အား အလံတော်ကို လွှဲအပ်တော်မူခဲ့၏။ ရန်သူ၏ ခံတပ်အနီးသို့ ချဉ်းကပ်သည်အထိ သိမ်မွေ့စွာ ချီတက်သွားရန် အမိန့်ပေးတော်မူခဲ့၏။ ထို့နောက် ၎င်းတို့အား အစ္စလာမ့်ဘက်သို့ ဝင်ရောက်ရန် ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ၎င်းတို့က လက်ခံပါက ၎င်းတို့အပေါ်တွင် မဖြစ်မနေပြုလုပ်ရမည့် တာဝန်ဝတ္တရားများကို အသိပေးတင်ပြရမည်ဖြစ်ကြောင်း ညွှန်ကြားတော်မူခဲ့၏။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလီ(ရဿွိယလ္လာဟုအန်ဟု)အား အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်ဘက်သို့ ဖိတ်ခေါ်ခြင်း၏ အကျိုးကျေးဇူးကို ရှင်းလင်းမိန့်ကြားတော်မူခဲ့၏။ ထို့ပြင် ဒါအီဖိတ်ခေါ်သူတစ်ဦးသည် လူတစ်ဦးတစ်ယောက် ဟိဒါယသ် (ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ကို) ရရှိခဲ့ခြင်း၏ အကြောင်းခံဖြစ်ခဲ့လျှင် ဤသည် ၎င်းအဖို့ အာရပ်လူမျိုးတို့၏ အဖိုးထိုက် တန်ဆုံး ပစ္စည်းဥစ္စာဖြစ်သော အနီရောင်ကုလားအုပ်များကို ပိုင်ဆိုင်ခြင်း သို့မဟုတ် လှူဒါန်းခြင်းထက်ပင် သာလွန်ကောင်းမြတ်သည်ဟု မိန့်ကြားခဲ့သည်။