အနတ်စ် ဗင်န် မာလိက် ( ရဿွိယလ္လာဟုအန်ဟု ) တင်ပြသည်မှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏သဘာဝလိုအပ်ချက်ကိစ္စဆောင်ရွက်ရန် ထွက်တော်မူသည့်အခါတိုင်း (အိမ်သာတက်သည့်အခါတိုင်း ) သူကော၊ သူနှင့်အရွယ်တူ အခြားလက်အောက်ငယ်သားကလေးငယ်တစ်ဦးတို့သည် ကိုယ်တော်၏နောက်သို့ လိုက်သွားလေ့ရှိပြီး ၊ ကိုယ်တော့်အတွက် ၎င်းတို့နှစ်ဦးသည် လှံတံဖျားကဲ့သို့ ချွန်ထက်သော ချွန်းပါရှိသည့် တုတ်တစ်ချောင်း၊ ဤတုတ်ကို မြေတွင်စိုက်၍ ၎င်းပေါ်တွင် အဖုံးအကာ တစ်ခုခုကို ချိတ်ဆွဲရန်အတွက်လည်းကောင်း သို့မဟုတ် တမန်တော်မြတ် ဝတ်ပြုရန်အတွက် ရှေ့မှ အကာအရံအဖြစ်( စွသ်ရဟ်) ပြုလုပ်ပေးရန် ဖြစ်ပါသည်။ ထို့ပြင် သားရေဖြင့်ပြုလုပ်ထားပြီး ရေအပြည့်ဖြည့်ထားသော ရေအိုးကလေးတစ်လုံးကို ယူဆောင်သွားပါသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏သဘာဝလိုအပ်ချက်ကိစ္စမှ ပြီးဆုံးသွားသောအခါ ၎င်းတို့နှစ်ဦးအနက် တစ်ဦးဦးက ထိုရေအိုးငယ်ကို ကိုယ်တော့်အားပေးပြီး ကိုယ်တော်မြတ်သည် ယင်းရေဖြင့် သန့်စင်တော်မူလေသည်။