တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သန့်ရှင်းစင်ကြယ်မှုဆိုင်ရာ အမိန့်ပညတ်ချက်အချို့ကို ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ- (၁) မည်သူမဆို ဝုဿွူပြုသည့်အခါ မိမိ၏နှာခေါင်းအတွင်းသို့ ရေရှူသွင်းရမည်။ ၎င်းနောက် အသက်ရှူထုတ်ကာ ပြန်လည်ညှစ်ထုတ်ရမည်။ (၂) မည်သူမဆို အပေါ့၊ အလေး သွားသည့် လမ်းကြောင်းမှ ထွက်လာသည့် အညစ်အကြေးကို ရေမဟုတ်ဘဲ ကျောက်ခဲ သို့မဟုတ် အလားတူအရာဖြင့် ဖယ်ရှားသန့်စင်လိုလျှင် သန့်ရှင်းမှုအတွက် အနိမ့်ဆုံးအသုံးပြုရမည့် အရေအတွက်မှာ ကျောက်ခဲသုံးလုံးဖြစ်ပြီး အများဆုံးအရေအတွက်မှာ အညစ်အကြေး ကုန်စင်ပြီး အညစ်အကြေး ထွက်သည့်နေရာကို သန့်စင်အောင် လုပ်ပေးနိုင်သည့် အရေအတွက်ပင်ဖြစ်သည်။ (၃) ညအိပ်ရာမှ နိုးလာသူသည် ဝုဿွူပြုရန် အိုး၊ ခွက်ထဲသို့ လက်မနှိုက်မီအလျင် မိမိလက်ကို အိုး၊ ခွက်၏ပြင်ပ၌ သုံးကြိမ် ဆေးကြောရမည်။ အဘယ်ကြောင့်ဆိုသော် သူ၏လက်သည် ညတွင်မည်သည့်နေရာတွင် ရှိခဲ့သည်ကို မသိနိုင်သဖြင့် အညစ်အကြေးမှ စိတ်မချရပေ။ တစ်ခါတစ်ရံ ရှိုင်သွာန်မိစ္ဆာသည် ယင်းဖြင့်ကစားတတ်ပြီး လူအား အန္တရာယ်ဖြစ်စေသောအရာ သို့မဟုတ် ရေကိုညစ်ညမ်းစေသောအရာကို သယ်ဆောင်လာတတ်သည်။