စလ်မာန်ဖာရစီ (ရဿွိယလ္လာဟုအန်ဟု) က ပြောသည်မှာ- မုရှ်ရိက်တို့က ကျွန်ုပ်တို့အား ပြက်ရယ်ပြု၍ ပြောဆိုခဲ့ကြသည်။ သင်တို့၏နဗီတမန်တော်သည် သင်တို့အား အရာရာတိုင်းကို သင်ပေးသည်၊ သင်တို့ အပေါ့၊အလေးစွန့်ရာတွင် မည်သို့ပြုလုပ်ရမည်ကိုပင် သင်ကြားပေးသည်။ စလ်မာန်ဖာရစီ (ရဿွိယလ္လာဟုအန်ဟု)က ပြန်လည် ဖြေကြားခဲ့သည်မှာ-ဟုတ်ပါသည်။ တမန်တော်မြတ်သည် ကျွန်ုပ်တို့အား အပေါ့၊အလေးစွန့်ခြင်း၏ စည်းကမ်းများကို သင်ပေးခဲ့သည်။ ထိုသင်ကြားချက်များထဲမှ တစ်ခုမှာ- ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား အပေါ့၊အလေးစွန့်ပြီးနောက် ညာလက်ဖြင့် သန့်စင်မှုမပြုလုပ်ရန် တားမြစ်ခဲ့သည်။ ဤသည် ညာလက်ကို အညစ်အကျေးမှ ကာကွယ်ရန်နှင့်၊ ညာလက်ကို ဂုဏ် ပေးသည့်အနေဖြင့် ဖြစ်သည်။ ထို့ပြင် အပေါ့၊အလေးစွန့်သည့်အခါ ကအ်ဗဟ်ကျောင်းတော်ဘက်သို့ မျက်နှာမမူရန် တားမြစ်ခဲ့သည်။ ထို့အတူ ကျွဲ၊ နွား စသည့်တိရစ္ဆာန်များ၏ မစင်ခြောက်များ သို့မဟုတ် ၎င်းတို့၏ အရိုးများဖြင့် သန့်စင်မှု မပြုလုပ်စေရန် တားမြစ်ခဲ့ပြီး၊ သန့်စင်မှုပြုလုပ်ရာတွင် ကျောက်ခဲသုံးခဲထက် နည်းသောအရေအတွက်ဖြင့် မတင်းတိမ်ရန် တားမြစ်တော်မူခဲ့သည်။