အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ရှိုင်သွာန်မိစ္ဆာ ဘက်မှထည့်သွင်းပေးသော မကောင်းသည့် သံသယမေးခွန်းများကို ထိရောက်စွာကုသနိုင်မည့် နည်းလမ်းကို ညွှန်ပြတော်မူခဲ့သည်။ ရှိင်သွာန်မိစ္ဆာက ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ မိုးကောင်းကင်ကို မည်သူဖန်ဆင်းခဲ့သနည်း၊ မြေပထဝီကို မည်သူဖန်ဆင်းခဲ့သနည်းဟူ၍ မေးမြန်းလိမ့်မည်ဖြစ်သည်။ ထိုအခါ မုအ်မင်န်က ဘာသာတရား၊ ပင်ကိုအသိ၊ အသိဉာဏ်ပညာတို့ဖြင့် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်သည်ဟု ဖြေကြားလိမ့်မည်။ သို့သော် ရှိုင်သွာန်မိစ္ဆာသည် မကောင်းသည့် သံသယမေးခွန်းများကို ဤအတိုင်းအတာလောက်ဖြင့် မရပ်တန့်သွားဘဲ နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု ဆက်လက်မေးမြန်းမည်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် မုအ်မင်န်တစ်ဦးအနေဖြင့် ဤသို့သော မကောင်းသည့် သံသယမေးခွန်းများကို အချက်(၃) ချက်အားဖြင့် ဖယ်ရှားပစ်ရမည်။ ၎င်းတို့မှာ (၁) အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း၊ (၂) ရှိုင်သွာန်မိစ္ဆာ၏ နှောက်ယှက်မှုမှ ကင်းဝေးရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူခြင်း၊ (၃) ဆက်တိုက်ဖြစ်ပေါ်လာသော မကောင်းသည့် သံသယမေးခွန်းများ ရပ်တန့်ပစ်ခြင်း စသည်တို့ဖြစ်သည်။