အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်။ သူသည် ငယ်ရွယ်စဥ်အခါက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ အစီးအနင်းတစ်ခုပေါ်တွင် လိုက်ပါစီးနင်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ငါကိုယ်တော်သည် သင့်အား အချို့သောအရေးကိစ္စများ၊ အကြောင်းအရာများကို သင်ကြားပေးမည်။ ၎င်းတို့ကို အကြောင်းပြု၍ အလ္လာဟ်အရှင်မြတ်က သင့်ကိုအကျိုးဖြစ်ထွန်းစေလိမ့်မည်။ သင်သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကိုလိုက်နာပြီး တားမြစ်ချက်များကိုရှောင်ကြဉ်ကာ ထိန်းသိမ်းပါ။ သို့မှသာ အလ္လာဟ်အရှင်မြတ်က သင့်အား အမိန့်နာခံမှုနှင့် အရှင်မြတ်နှင့်နီးကပ်စေသော ကောင်းမှုများ၌ရှိနေကြောင်း တွေ့ရှိရပြီး အမိန့်မနာခံမှုနှင့် ပြစ်မှုဒုစရိုက်များတွင် မတွေ့ရှိရမည်ဖြစ်သည်။ သင်ထိုသို့ပြုလုပ်ပါက အလ္လာဟ်အရှင်မြတ်က သင့်အား ဤလောကနှင့် နောင်တမလွန်ဘဝ၏ အန္တရာယ်များမှ ထိန်းသိမ်းစောင့်ရှောက်ပေးပြီး သင်သွားလေရာ၌ သင့်၏အရေးကိစ္စများကို ကူညီစောင့်ရှောက်တော်မူမည် ဖြစ်သည်။ သင်တစ်စုံတစ်ရာတောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကသာ တောင်းခံသူများ၏ တောင်းဆုကို ဖြည့်ဆည်းပေးတော်မူသော အရှင်ဖြစ်သည်။ သင်အကူအညီတောင်းမည် ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။ အကယ်၍ ကမ္ဘာပေါ်ရှိ လူသားထုတစ်ရပ်လုံးက သင့်အား တစ်စုံတစ်ရာ အကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့် အကျိုးကိုမျှ ပြုနိုင်မည် မဟုတ်ကြောင်းနှင့် လူသားထုတစ်ရပ်လုံးက သင့်အား တစ်စုံတစ်ရာ ဆိုးကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်ဆိုးကျိုးကိုမျှပေးနိုင်မည် မဟုတ်ကြောင်း သင့်၌ခိုင်မာသည့် ယုံကြည်ချက်ရှိရမည်။ ဤအရေးကိစ္စအားလုံးကို အလ္လာဟ်အရှင်မြတ်က မိမိ၏အသိပညာ၊ အမြော်အမြင်နှင့်အညီ သက္ကဒီရ်ရေးစွဲသတ်မှတ်ထားပြီးဖြစ်သည်။ အရှင်မြတ် ရေးသားထား မှတ်တမ်းတင်ထားသောအရာများမှာ ပြောင်းလဲသွားမည်မဟုတ်ပေ။