သာဗီအီတစ်ဦးဖြစ်သူ မာလိက် ဗင်န် အောင်စ်က ဆင့်ပြန်ပြောပြခဲ့သည်မှာ - ၎င်းထံတွင် ရွှေဒင်္ဂါးများ ရှိပြီး၊ ၎င်းသည် ထိုရွှေဒင်္ဂါးများကို ငွေဒင်္ဂါးများဖြင့် လဲလှယ်လိုသည်။ ထိုအခါ သွလ်ဟာ ဗင်န် အုဘိုင်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု) က ၎င်းအား " သင့် ရွှေဒင်္ဂါးများကို ကျွန်ုပ်အား ပေးပါ၊ ကျွန်ုပ် ကြည့်ရှုလိုပါသည်" ဟု ပြောခဲ့သည်။ ထို့နောက် ဝယ်ယူရန် စိတ်ဆုံးဖြတ်ပြီးသောအခါ "ကျွန်ုပ်၏ အစေခံ လာသောအခါ သင်ပြန်လာပါ၊ ကျွန်ုပ် သင့်အား ငွေဒင်္ဂါးများ ပေးဆောင်ပါမည်" ဟု ပြောခဲ့သည်။ ထိုအချိန်၌ အုမရ် ဗင်န် ခသ်သွားဗ် (ရဿွိယလ္လာဟုအန်ဟု)လည်း ထိုနေရာတွင် ရှိနေခဲ့သည်။ ထိုအခါ ၎င်း(အုမရ် ဗင်န် ခသ်သွားဗ်)က ဤသို့သော ငွေကြေးလဲလှယ်မှုမျိုးကို ငြင်းဆန်ခဲ့ပြီး သွလ်ဟာ (ရဿွိယလ္လာဟုအန်ဟု)အား ယခုချက်ချင်း ငွေကိုပေးရန် သို့မဟုတ် မာလိက် ဗင်န် အောင်စ် ထံမှ ယူထားသော ရွှေကို ပြန်လည်ပေးအပ်ရန် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောဆိုခဲ့သည်။ ထိုသို့ပြုရခြင်း၏ အကြောင်းရင်းမှာ အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ရွှေကို ငွေဖြင့် သို့မဟုတ် ငွေကို ရွှေဖြင့် လဲလှယ် ရောင်းချလိုပါက၊ အရောင်းဝယ်လုပ်သည့် ပစ္စည်းကို ချက်ချင်းလက်ငင်း ရယူရမည်။ သို့မဟုတ်ပါက ထိုအရောင်းအဝယ်သည် တားမြစ်ထားသောအတိုး ဖြစ်သွားမည်ဖြစ်ပြီး ထိုရောင်းဝယ်မှုသည်လည်း ပျက်ပြားသွားမည်" ဟု မိန့်ကြားခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရွှေကို ငွေဖြင့် သို့မဟုတ် ငွေကို ရွှေဖြင့် လှဲလယ်ရောင်းချခြင်းသည် ချက်ချင်းလက်ငင်း ရောင်းဝယ်ခြင်းနှင့် နှစ်ဖက်စလုံးမှ (အရောင်းဝယ်လုပ်သည့် ပစ္စည်းကို) လက်ခံရယူခြင်း ရှိမှသာလျှင် မှန်ကန်ပါမည်။ အလားတူပင် ဂျုံနုကို ဂျုံနုဖြင့်၊ ဂျုံကြမ်းကို ဂျုံကြမ်းဖြင့် မုယောစပါးကို မုယောစပါးဖြင့်၊ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့် ရောင်းချခြင်းသည် အလေးချိန်၊ ပမာဏ တူညီမှုရှိပြီး နှစ်ဖက်စလုံးမှ ချက်ချင်းလက်ငင်း လက်ခံရယူခြင်း ရှိမှသာလျှင် မှန်ကန်ပါမည်။ ဤပစ္စည်းများတွင် တစ်ဖက်သို့ လက်ငင်းပေးချေခြင်းနှင့် တစ်ဖက်သို့ နောက်ကျပေးချေခြင်း မပိုင်ပေ။ ထို့အပြင် လက်ခံရယူခြင်းမပြုမီ အရောင်းအဝယ်လုပ်သူနှစ်ဦး ခွဲခွာသွားခြင်းလည်း မပိုင်ပေ။