ကိယာမသ်နေ့တွင် ကောင်ဆရ် ရေကန်၌ရှိသော ရေခွက်များ၏ အရေအတွက်သည် လမိုက်ညတွင် ထွက်ပေါ်နေသည့် မိုးကောင်းကင်ရှိကြယ်များ၊ ဂြိုဟ်များ၏ အရေအတွက်ထက်ပင် ပို၍များပြားကြောင်းတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကကျိန်ဆို၍ မိန့်ကြားတော်မူခဲ့သည်။ လမိုက်ညဟုဆိုရခြင်းမှာ လသာသောညတွင် ကြယ်များသည်လ၏အလင်းရောင်ကြောင့် ဖုံးကွယ်လျက်ရှိပြီး ရှင်းလင်းထင်ရှားစွာ မမြင်ရပေ။ထို့အပြင် သြဝါဒတော်၌ ထိုညကို တိမ်ကင်းစင်သောညဟူ၍ မိန့်ကြားထားသည်။ အဘယ်ကြောင့်ဆိုသော် တိမ်ရှိလျှင် ကြယ်များကို မြင်တွေ့နိုင်ရန်အတားအဆီးဖြစ်သောကြောင့် ဖြစ်သည်။ ထိုခွက်များသည် ဂျန္နသ်သုခဘုံ၏ ရေခွက်များဖြစ်ပြီး ထိုခွက်မှသောက်သုံးလိုက်သူသည် မည်သည့်အခါမျှ ရေငတ်တော့မည်မဟုတ်ပေ။ ထိုရေကို မသောက်မီအလျင်က ခံစားခဲ့ရသောရေငတ်ခြင်းသည် နောက်ဆုံးရေငတ်ခြင်းပင်ဖြစ်သည်။ ထိုရေကန်ထဲသို့ ဂျန္နသ်သုခဘုံမှ ရေတံလျှောက်နှစ်ခု စီးဝင်လျက်ရှိသည်။ထိုရေကန်၏ အလျား၊ အနံတူညီပြီး အနားပတ်လည် တူညီသည်။ ရေကန်၏ အလျားသည် ရှားမ်နိုင်ငံ ဗလ်ကာအ်တွင်ရှိသည့် အမ္မာန်မြို့နှင့် ရှားမ်၏ အစွန်အဖျား ပင်လယ်ကမ်းခြေရှိ ကျော်ကြားလှသည့်မြို့ဖြစ်သည့် အိုင်လဟ်ကြားအကွာအဝေးမျှ ကျယ်ဝန်းသည်။ ရေကန်၏ ရေသည်နို့ထက်ပို၍ဖြူပြီး ၎င်း၏အရသာသည် ပျားရည်ထက်ပို၍ ချိုမြသည်။