ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ﷺ)ထံ လာရောက်၍ မိမိ၏ကျွန်များ၏ မကောင်းသည့်အကျင့်စရိုက်များနှင့်ပတ်သက်၍ တိုင်တန်းသည်။ ၎င်းတို့သည် သူ့အားလိမ်လည်ပြောဆိုကြပြီး အပ်နှံထားသောအရာနှင့်ပတ်သက်၍ သစ္စာမရှိကြပေ။ အပေးအယူကိစ္စများ၌ လိမ်လည်လှည့်ဖြားကြသည်။ သူ၏အမိန့်ကို ဖီဆန်ကြသည်။ထို့ကြောင့် ၎င်းကလည်း ကျွန်များအား ဆုံးမသည့်အနေဖြင့် ဆဲဆိုကြိမ်းမောင်းကာ ရိုက်နှက်သည်။ သို့ဖြစ်၍ ထိုပုဂ္ဂိုလ်သည် ကိုယ်တော့်အား ကိယာမသ်နေ့၌ ၎င်းတို့နှင့်စပ်လျဉ်း၍ မိမိ၏အခြေအနေ မည်သို့ရှိမည်ကို မေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ် (ﷺ)က ဖြေကြားသည်မှာ သင့်အပေါ် ၎င်းတို့၏ သစ္စာဖောက်မှု၊ အမိန့်မနာခံမှု၊ လိမ်လည်မှုတို့နှင့် ၎င်းတို့အား သင်ပေးသည့်အပြစ်ဒဏ်တို့ကို နှိုင်းယှဉ်တိုင်းတာမည်ဖြစ်သည်။ အကယ်၍ ပြစ်ဒဏ်၏ ပမာဏသည် ၎င်းတို့၏အပြစ်များနှင့် ညီမျှပါက သင့်အတွက်မည်သည့်ကောင်းကျိုးမျှမရှိသလို မည်သည့်ပြစ်ဒဏ်မျှလည်းရှိမည်မဟုတ်ပေ။ အကယ်၍ သင်ပေးသည့်ပြစ်ဒဏ်၏ ပမာဏသည် ၎င်းတို့၏အပြစ်များထက် နည်းပါက သင်အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ အကယ်၍ သင်ပေးသည့်ပြစ်ဒဏ်သည် ၎င်းတို့၏အပြစ်များထက်များပါက သင်အပြစ်ပေးခြင်းခံရမည်ဖြစ်ပြီး ပိုသမျှအတိုင်းအတာကို သင့်ထံမှယူ၍ ၎င်းတို့အား အစားပြန်ပေးသွားမည်ဖြစ်သည်။ ထိုအခါ ၎င်းပုဂ္ဂိုလ်သည် အခြားတနေရာသို့သွားကာအသံကျယ်လောင်စွာ ငိုကြွေးနေသည်။ ထိုအခါတမန်တော်(ﷺ)က ၎င်းအားမိန့်ကြားတော်မူသည်မှာ အသင်သည်အလ္လာဟ်အရှင်မြတ်၏ကျမ်းမြတ်၌ မဖတ်ခဲ့လေသလော (စင်စစ် ငါအရှင်မြတ်သည် ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် မျှတသောချိန်ခွင်များကို ထားရှိတော်မူသည်။ သို့ဖြစ်ပေရာ မည်သူတစ်ဦးတစ်ယောက်မျှ အနည်း ငယ်စိုးစဉ်းမျှပင် မတရားသဖြင့် နှိပ်စက်ခြင်းကို ခံရမည်မဟုတ်ပေစင်စစ်အကယ်၍ (တစ်ဦးတစ်ယောက်၌) မုန်ညင်းစေတစ်စေ့မျှ အလေးချိန်ရှိသော(ကောင်းမှုပင်) ရှိငြားသော်လည်း ငါအရှင်မြတ်သည် ယင်းမုန်ညင်းစေ့တစ်စေ့ကိုလည်း (ရှေ့တော်မှောက်သို့) ယူလာတော်မူမည်သာဖြစ်သည်။ စင်စစ် ငါအရှင်မြတ်နှင့်ပင် စစ်ဆေးတော်မူသောအရှင်အဖြစ် လုံလောက်ပေသတည်း။) ကုရ်အာန် (၂၁:၄၇) ဆိုလိုသည်မှာ ကိယာမသ်နေ့၌ မည်သူမျှ မတရားပြုခြင်းခံရမည်မဟုတ်ပေ။ လူတို့၏ကြား၌ မျှတသောချိန်ခွင်များ ရှိနေမည်ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကပြောသည်မှာ အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပါသည် အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ၎င်းတို့နှင့်ခွဲခွါလိုက်ခြင်း၊ ၎င်းတို့ကို စွန့်လွှတ်လိုက်ခြင်းထက် ကျွန်တော့်အတွက်ရော သူတို့အတွက်ပါ ပိုကောင်းသည့်အရာကို ကျွန်တော်မတွေ့တော့ပါ။ကိုယ်တော့်အား သက်သေထားပါသည်။ အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ်သက်ရန်၊ စာရင်းစစ်ဆေးခြင်းနှင့် အဇာဗ်ပြစ်ဒဏ်တို့အား ကြောက်ရွံ့သည့်အတွက် ၎င်းတို့အား ကျွန်အဖြစ်မှသူကောင်းပြုလိုက်ပါပြီ။