တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့် ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)အား သင်သည် ဂျန္နသ်သို့သွားရောက် ကြည့်ရှုလော့ဟု မိန့်ကြားတော်မူခဲ့သည်။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ဂျန္နသ်အားသွားရောက်ကြည့်ရှုကာ ပြန်လာခဲ့သည်။ ၎င်းနောက် အရှင်မြတ်အား လျှောက်ထားသည်မှာ အရှင်မြတ်၏ ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ တစ်စုံတစ်ယောက်သည် ဂျန္နသ်၌ရှိသော စည်းစိမ်များ၊ မွန်မြတ်မှုများနှင့် ကောင်းခြင်းများကို ကြားသိခဲ့ပါက မုချဝင်ရောက်လိုမည်ဖြစ်ပြီး ဂျန္နသ်ရရှိရန် ကျင့်ကြံအားထုတ်မည်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းဂျန္နသ်အား စိတ်မနှစ်မြို့ဖွယ်ရာများ၊ အမိန့်နာခံခြင်းနှင့် တားမြစ်ချက်များမှ ရှောင်ကြဉ်ခြင်းကဲ့သို့ ခက်ခဲသည့် ကျင့်ဆောင်မှုများဖြင့် ဝန်းရံတော်မူခဲ့သည်။ သို့ဖြစ်၍ ဂျန္နသ်သို့ ဝင်ရောက်လိုသူတိုင်းသည် ထိုစိတ်မနှစ်မြို့ဖွယ်ရာများကို ဖြတ်ကျော်ရမည်သာဖြစ်သည်။ အရှင်မြတ်က ဂျန္နသ်အား မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံတော်မူပြီးနောက် အို- ဂျစ်ဗ်ရီလ် အသင်ဂျန္နသ်သို့သွားရောက် ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ဂျန္နသ်အားသွားရောက်ကြည့်ရှုကာ ပြန်လာခဲ့သည် ၎င်းနောက် အရှင်မြတ်အား လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျန္နသ်သွားမည့် လမ်းတွင်ရှိသော ခက်ခဲပင်ပန်းမှုများကြောင့် ဂျန္နသ်အားမည်သူမျှပင် မဝင်ရောက်နိုင်တော့မည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ၎င်းနောက် အရှင်မြတ်သည် ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် အို- ဂျစ်ဗ်ရီလ် သင်သည် ဂျဟန္နမ်သို့သွားရောက် ကြည့်ရှုလော့ဟု မိန့်ကြားတော်မူခဲ့သည်။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ဂျဟန္နမ်အား သွားရောက်ကြည့်ရှုကာ ပြန်လာခဲ့သည်။ ၎င်းနောက် အရှင်မြတ်အား လျှောက်ထားသည်မှာ အရှင်မြတ်၏ ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ တစ်စုံတစ်ယောက်သည် ဂျဟန္နမ်ငရဲဘုံ၌ရှိသော အဇာဗ်ပြစ်ဒဏ်များ၊ ဆင်းရဲဒုက္ခများကို ကြားသိခဲ့ပါက လုံးဝဝင်ရောက်လိုမည် မဟုတ်ဘဲ ဂျဟန္နမ်သို့ ကျရောက်စေမည့် အကြောင်းခံများနှင့် ဝေးဝေးနေမည်ပင်ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် စိတ်အလိုရမ္မက်များ၊ အရသာခံစားမှုများကို ဂျဟန္နမ်သို့ရောက်ရှိမည့် လမ်းအဖြစ် ပြုလုပ်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက် အို- ဂျစ်ဗ်ရီလ် အသင်ဂျဟန္နမ်သို့သွားရောက် ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ဂျဟန္နမ်အား သွားရောက်ကြည့်ရှုကာ ပြန်လာခဲ့သည်။ ၎င်းနောက် အရှင်မြတ်အား လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျဟန္နမ်၏ ပတ်လည်တွင်ရှိသော စိတ်အလိုရမ္မက်များ၊ အရသာခံစားမှုများကြောင့် ဂျဟန္နမ်မှ မည်သူမျှ မလွတ်မြောက်မည်ကို ကျွန်တော်မျိုးစိုးရိမ်မိပါသည်။