တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - ဂျန္နသ်တွင် စည်းစိမ်ခံစားနေကြသော ဂျန္နသ်သုခဘုံသားများအား ဟစ်ခေါ်သူက ဤသို့ ဟစ်အော် ပြော ဆိုလိမ့်မည် - အသင်တို့သည် ဤဂျန္နသ်၌ အစဉ်ကျန်းမာစွာနေထိုင်ကြရမည် ဖြစ်ပြီး မည်သည့် အနည်းငယ်မျှသော ရောဂါဝေဒနာမျှ ကပ်ရောက်လာမည် မဟုတ်ပေ။ အသင်တို့သည် အစဉ်ထာဝရ ရှင်သန်ကြရမည် ဖြစ်ပြီး သေခြင်းတရားသည် အသင်တို့ထံ ဘယ်သောအခါမျှ ရောက်ရှိလာမည် မဟုတ်ပေ။ သေခြင်း၏ ပုံစံငယ်ဖြစ်သော အိပ်စက်ခြင်းပင် ဂျန္နသ်၌ ရှိမည် မဟုတ်ပေ။ အသင်တို့သည် အစဉ်နုပျိုလန်းဆန်းစွာ ရှိနေကြမည် ဖြစ်ပြီး အိုမင်းရင့်ရော်ခြင်းသည် အသင်တို့အနီးသို့ပင် မချဉ်းကပ်နိုင်တော့ပေ။ အသင်တို့သည် ထိုဂျန္နသ်အတွင်း၌ စည်းစိမ်ချမ်းသာအားလုံးဖြင့် ခံစားနေထိုင်ကြရမည် ဖြစ်ပြီး မည်သည့်အခါမျှ စိုးရိမ်ပူဆွေးခြင်း၊ ဝမ်းနည်းသောကရောက်ခြင်း ရှိမည်မဟုတ်ပါ။ ထိုအကြောင်း အရာကိုသည် အလ္လာဟ်အရှင်မြတ်က ဤမိန့်ကြားချက်တွင် ဖော်ပြထားတော်မူသည် - " ၎င်းပြင် ထိုသူတို့သည် (ဤသို့) ဟစ်ခေါ်ခြင်း ခံကြရမည်- “ဤသည် ဂျန္နသ် သုခဘုံ ဖြစ်သည်၊ ၎င်း(သုခဘုံ)ကို အသင်တို့သည် အသင်တို့ ပြုလုပ်ခဲ့သောအရာ (ကောင်းသော လုပ်ရပ်)များကြောင့် အမွေ ရရှိခဲ့ခြင်း ဖြစ်သည်”။ ( စူရဟ် အအ်ရာဖ် - ၄၃ )