ကျေးတောသားတစ်ဦးသည် မိမိအား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရစေမည့် အမလ်ကောင်းမှုများကို ညွှန်ပြပေးရန်အတွက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ရောက်လာခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဂျန္နသ်သုခဘုံသို့ဝင်ရောက်ခွင့်ရပြီး ဂျဟန္နမ်ငရဲမီးမှ လွတ်ကင်းခြင်းသည် အစ္စလာမ့်မဏ္ဍိုင်များကို လိုက်နာကျင့်သုံးခြင်း ပေါ်တွင်မူတည်ပြီး ၎င်းတွင် အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်း၊ အလ္လာဟ်အရှင်မြတ်နှင့် မည့်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှုမပြုခြင်း၊ သင့်အနေဖြင့် အလ္လာဟ်အရှင်မြတ်က နေ့နှင့်ညတွင် မိမိကျေးကျွန်များအပေါ်တွင် ဖရ်ဿ်ွတာဝန်အဖြစ် သတ်မှတ်ထားသော ဆွလာသ်ငါးကြိမ်ကို ဆောက်တည်ခြင်း၊ သင့်အပေါ်တွင် ဖရ်ဿ်ွတာဝန်အဖြစ် သတ်မှတ်ထားသော ဥစ္စာပစ္စည်းနှင့် သက်ဆိုင်သည့် ဇကာသ်ကို စားထိုက်သူများအားပေးခြင်း၊ ရမဿွာန်လ၏ ဆွိယာမ်ဥပုသ်ကို သတ်မှတ်ထားသည့် အချိန်တွင် စောင့်ထိန်းခြင်းတို့ပါဝင်ကြောင်း ပြန်လည်ဖြေကြားတော်မူခဲ့သည်။ ထိုအခါ ၎င်းက အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်တော်မျိုး၏ အသက်ဝိညာဉ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်ပါသည် ကိုယ်တော့်ထံမှ ကျွန်တော်ကြားသိရသည့် ဖရ်ဿ်ွတာဝန်များထဲတွင် မည်သည့် အမလ်ကျင့်ဆောင်မှုကိုမျှ အပိုထပ်ထည့်မည်လည်း မဟုတ်သလို လျော့၍လုပ်မည်လည်း မဟုတ်ပါဟု လျှောက်ထားခဲ့သည်။ ထိုသူ လှည့်ပြန်သွားသည့်အခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မည်သူမဆို ဂျန္နသ်သုခဘုံသားကို ကြည့်ရှု့ပြီး ဝမ်းမြောက်ကြည်နူးလိုလျှင် ဤကျေးတောသားကို ကြည့်ပါဟု မိန့်ကြားတော်မူခဲ့သည်။