ဆွဟာဗဟ် သာဝကကြီးများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကိုယ်တော့်အပေါ် ဆွလာသ် (ဒရူးဒ်)မည်သို့ပို့သရမည်နည်းဟု မေးမြန်းခဲ့ကြသည်။ ၎င်းတို့သည် အသ်သဟိယားသ် (သရှဟ်ဟုဒ်) အတွင်း၌ ရွတ်ဖတ်ရသည့် "...اَلسَّلَامُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللَٰهِ وَبَرَكَاتُهُ "ဟူသော တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အပေါ် စလာမ်မေတ္တာ ပို့သနည်းကို သိရှိပြီးနောက်မှ ထိုသို့ မေးမြန်းခဲ့ခြင်းဖြစ်သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းတို့အား မိမိအပေါ် ဆွလာသ်(ဒရူးဒ်) ပို့သရမည့် နည်းလမ်းနှင့် ယင်း၏ဆိုလိုရင်းအဓိပ္ပာယ်ကို ရှင်းလင်း မိန့်ကြားတော်မူခဲ့သည်။ ထိုနည်းလမ်းမှာ - " اَللّٰهُمَّ صَلِّ عَلىٰ مُحَمَّدٍ وَّعَلىٰ آلِ مُحَمَّدٍ " ဆိုလိုသည်မှာ- အို အလ္လာဟ်အရှင်မြတ် အထက်ကောင်းကင်ရှိ အပါးတော်မြဲ ကောင်းကင်တမန်များထံတွင် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်မုဟမ္မဒ်၏ ဆွေမျိုးသားချင်းများအနက် အီမာန်သက်ဝင်ယုံကြည်သူများနှင့် မုဟမ္မဒ်၏ သာသနာ့နောက်လိုက်တို့အား ချီးမွမ်းတော်မူပါ။ " كَمَا صَلَّيْتَ عَلىٰ آلِ إِبْرَاهِيمَ " ဆိုလိုသည်မှာ- အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)၏ အိမ်တော်သားများဖြစ်သည့် တမန်တော် အိဗ်ရာဟီးမ်၊ တမန်တော် အစ္စမာအီလ်၊ တမန်တော် အိစ်ဟာက်နှင့် ၎င်းတို့၏ သား၊မြေးများ၊ ၎င်းတို့၏ နောက်လိုက် မုအ်မင်န်များအပါ် ကျေးဇူးတော်များ ချီးမြှင့်တော်မူခဲ့သည့်အတိုင်း မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အပေါ်သို့လည်း ကျေးဇူးတော်များ ချီးမြှင့်တော်မူပါ။ “ إِنَّكَ حَمِيدٌ مَجِيدٌ ” ဆိုလိုသည်မှာ- အရှင်မြတ်သည် အရှင်မြတ်၏ဇာတိတော်၊ ဂုဏ်တော်အပေါင်းနှင့် လုပ်ဆောင်မှုများတွင် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင်၊ အရှင်မြတ်၏ကြီးကျယ်မှု၊ စိုးမိုးအုပ်ချုပ်မှု၊ ပေးကမ်းချီးမြှင့်မှုတို့တွင် ပြီးပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။ “ اَللّٰهُمَّ بَارِكْ عَلىٰ مُحَمَّدٍ وَعَلىٰ آلِ مُحَمَّدٍ كَمَا بَارَكْتَ عَلىٰ آلِ إِبْرَاهِيمَ " ဆိုလိုသည်မှာ- အို အလ္လာဟ်အရှင်မြတ် တမန်တော် မုဟမ္မဒ်အား ကောင်းချီးမင်္ဂလာ ချီးမြှင့်တော်မူပါ။ ဂုဏ်သိက္ခာကို ချီးမြှင့်ပေးသနားတော်မူပါ။ ထိုဂုဏ်သိက္ခာကို ကြီးကျယ်စေတော်မူပါ၊ တိုးပွား၍ ခိုင်မြဲစေတော်မူပါ။