တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို ဖရဿ်ဆွလာသ်ဝတ်ပြုပြီးနောက်တွင် ( အောက်ပါအတိုင်း ဇိကိရ်များကို ) ရွတ်ဖတ်မည် - “စွဗ်ဟာနလ္လာဟ်" (၃၃)ကြိမ် - ဤသည် အလ္လာဟ်အရှင်မြတ်အား ချို့ယွင်းချက်အပေါင်းမှ စင်ကြယ်ကြောင်း ဖော်ညွှန်းခြင်းဖြစ်သည်။ “ အလ်ဟမ်ဒုလိလ္လာဟ်" (၃၃)ကြိမ် - ဤသည် အလ္လာဟ်အရှင်မြတ်အား ချစ်ခင်နှစ်သက်မှု၊ ဂုဏ်ပေးလေးစားမှုနှင့်အတူ ပြီးပြည့်စုံသော ဂုဏ်တော်များဖြင့် ချီးမွမ်းဂုဏ်တင်ခြင်းဖြစ်သည်။ “ အလ္လာဟုအက်ဗရ်" (၃၃)ကြိမ် - ဤသည်မှာ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းထက် အကြီးမြတ်ဆုံးဖြစ်ကြောင်း (ဝန်ခံခြင်းဖြစ်သည်။) ထို့နောက် အကြိမ်တစ်ရာပြည့်အောင် "لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ " ဟု ရွတ်ဆိုခြင်းဖြစ်သည်။ ၎င်း၏ အဓိပ္ပာယ်မှာ - အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းမှလွဲ၍ မှန်ကန်သည့် ခဝပ်ကိုးကွယ်ခြင်းကိုခံထိုက်သော အရှင်ဟူ၍မရှိချေ။ ထိုအရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ရာဟူ၍ အလျင်းမရှိ။ ပြီးပြည့်စုံသော စိုးမိုးမှုအာဏာကို ပိုင်ဆိုင်တော်မူသောအရှင်၊ ချစ်ခင်နှစ်သက်မှု၊ ဂုဏ်ပေးလေးစားမှုနှင့်အတူ ချီးမွမ်းခြင်းအားလုံးကို ခံထိုက်တော်မူသောအရှင်၊ အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူဖြစ်သည်။ မည်သူမဆို ဤဇိက်ရ်ကို ရွတ်ဖတ်ပါက ၎င်း၏အပြစ်များသည် ပင်လယ်ပြင်၌ လှိုင်းတံပိုးတို့၏ပုတ်ခတ်မှုကြောင့် ပေါ်ပေါက်လာသော ရေမြုပ်များကဲ့သို့ များပြားလင့်ကစား ပယ်ဖျက်ခြင်းခံရပြီး၊ ခွင့်လွှတ်ချမ်းသာပေးခြင်းခံရမည်ဖြစ်သည်။