မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်တင်ပြခဲ့သည်မှာ- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ်သို့ {إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1] {အလ္လာဟ်အရှင်မြတ်၏ကူညီမှုနှင့် အောင်နိုင်မှု ရောက်ရှိလာသောအခါ} [အလ်-နဆ်ရ်: ၁] အာယသ် ကျရောက်လာသောအခါ ချက်ချင်းပင် အလ္လာဟ်အရှင်မြတ်၏ (အသင်(တမန်တော်)သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ချီးမွမ်းထောမနာပြုခြင်းနှင့်တကွ စင်ကြယ်သန့်ရှင်းတော်မူကြောင်း ရွတ်ဆိုပါ။ ထို့ပြင် အသင်သည် အရှင်မြတ်ထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံပါ။) ဟူသော် အမိန့်တော်ကို လိုက်နာဆောင်ရွက်တော်မူခဲ့သည်။ သို့ဖြစ်ရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဆွလာသ်ဝတ်ပြုမှုအတွင်း ရူကုအ်ဦးညွှတ်ခြင်းနှင့် စဂျ်ဒါဟ်ဦးချခြင်းတို့၌ ဤဒုအာ “سُبْحَانَكَ اللَّهُمَّ رَبَّنَا وَبِحَمدِكَ، اللَّهُمَّ اغْفِرْ لِي” ကို များမြောင်စွာ ရွတ်ဖတ်လေ့ရှိသည်။ «سبحانك» ဆိုသည်မှာ "အရှင်မြတ်သည် အရှင့်ဂုဏ်တော်နှင့် မလျော်ညီသော ချို့တဲ့မှုဟူသမျှမှ သန့်ရှင်းစင်ကြယ်တော်မူကြောင်း ကျွန်တော်မျိုးမြွက်ဟပြောဆိုပါ၏" «اللهم ربنا وبحمدك» ဆိုသည်မှာ "အို အလ္လာဟ်အရှင်မြတ် အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ အရှင့်အတွက် အကောင်းဆုံးသော ချီးမွမ်းခြင်းနှင့် ဂုဏ်ပြုခြင်းသည် သင့်လျော်ပါ၏။ အဘယ်ကြောင့်ဆိုသော် အရှင့်ဇာတိတော်၊ အရှင့်ဂုဏ်တော်များနှင့် အရှင့်လုပ်ဆောင်ချက်အားလုံးသည် အမြင့်ဆုံးသော ပြီးပြည့်စုံမှုအဆင့်တွင် ရှိတော်မူသောကြောင့်ဖြစ်သည်" «اللهم اغفر لي» ဆိုသည်မှာ "အို- အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အပြစ်များကို ပယ်ဖျက်ပေးတော်မူပါ။ ယင်းအပြစ်များကို ခွင့်လွှတ်တော်မူပါ" ဟု အဓိပ္ပာယ်ရသည်။