တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သဟဒ်ဂျုဒ်ဆွလာသ် သို့မဟုတ် ဖဂျရ်ဆွလာသ်ဝတ်ပြုရန် နိုးထလိုသောလူသားနှင့်အတူရှိသည့် ရှိုင်သွာန်၏ အခြေအနေနှင့် တိုက်ခိုက်မှုအကြောင်းကို မိန့်ကြားခဲ့သည်။ မုအ်မင်န် တစ်ဦးသည် အိပ်ရာဝင်သောအခါ ရှိုင်သွာန်သည် သူ၏ ဦးခေါင်းနောက်စေ့တွင် အထုံးသုံးထုံး ထုံးလေသည်။ ထို့နောက် ထိုမုအ်မင်န်သည် အိပ်ယာနိုးထလာသော အခါ အလ္လာဟ်အရှင်မြတ်အား သတိရတသပြီး၊ ရှိုင်သွာန်၏ သွေးဆောင်မှုများကို လိုက်နာခြင်းမပြုပါက အထုံးတစ်ထုံး ပြေလျော့သွားသည်။ ထို့နောက် သူသည် ဝူဿွူအ် ပြုလုပ်ပါက နောက်ထပ်အထုံးတစ်ထုံး ပြေလျော့သွားသည်။ ထို့နောက် သူသည် ထပြီး ဆွလာသ်ဝတ်ပြုပါက တတိယအထုံးလည်း ပြေလျော့သွားကာ၊ ၎င်းသည် လန်းဆန်းစွာ၊ စိတ်ချမ်းသာစွာဖြင့် မနက်ခင်းအခါကို ရောက်ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်က သူ့အား ပေးသနားတော်မူသော နာခံမှုအတွက် ဝမ်းမြောက်ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်ကသူ့အား ကတိပေးထားတော်မူသော ကုသိုလ်အကျိုးနှင့် လွတ်ငြိမ်း ချမ်းသာခွင့်တို့ကြောင့် ဝမ်းသာပျော်ရွှင်နေသည်။ တစ်ဆက်တည်းမှာပင် ရှိုင်သွာန်၏ အချုပ်အနှောင်များနှင့် နှောင့်နှေးအောင်ပြုလုပ်မှုများမှ လွတ်မြောက်သွားသောကြောင့်လည်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူသည် ညစ်ညူးသောစိတ်၊ ဝမ်းနည်းသောနှလုံးသားနှင့် ကောင်းမှုကုသိုလ်ပြုရန် ပျင်းရိလျက် မနက်ခင်းအခါကို ရှောက်ရှိရလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရှိုင်သွာန်၏ ချည်နှောင်မှုဖြင့် ချည်နှောင်ခြင်းခံရပြီး မဟာကရုဏာတော်ရှင် (အလ္လာဟ်) ၏ နီးကပ်မှုမှ ဝေးကွာသွားသောကြောင့် ဖြစ်သည်။