တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)အား ဆွလာသ်အတွင်းရွတ်ဖတ်ရသည့် သရှဟ္ဟုဒ်ကိုသင်ကြားပေးတော်မူခဲ့သည်။ ကိုယ်တော်သည် အိဗ်နုမတ်စ်အူးဒ်အား မိမိဘက်သို့ အာရုံစိုက်စေရန်အတွက် သူ၏လက်ကို မိမိလက်နှစ်ဖက်ကြားတွင် ထားတော်မူခဲ့သည်။ ကိုယ်တော်သည် ကျမ်းတော်မြတ်ကုရ်အာန်၏ စူရဟ်ကို သင်ကြားပေးသည့်အတိုင်း သရှဟ္ဟုဒ်ကို သင်ကြားပေးတော်မူခဲ့သည်။ ဤသည် သရှဟ္ဟုဒ်၏ စာပိုဒ်များနှင့် အဓိပ္ပာယ်များကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မည်မျှအလေးထားကြောင်း ညွှန်ပြနေခြင်းဖြစ်သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- “အသ်သဟိယ္ယာသုလိလ္လာဟိ” ကြီးကြယ်မြင့်မြတ်မှုကိုညွှန်ပြသည့် စကားတိုင်း၊ လုပ်ရပ်တိုင်းသည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူသည်။ “ ဝတ်ဆ်ဆွလဝါးသု” သိရှိပြီးဖြစ်သော ဖရ်ဿ်ွ ဆွလာသ်နှင့် နဖ်လ် ဆွလာသ် အားလုံးသည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်တော်မူသည်။ “ဝသ်သွိုင်ယိဘားသု” ပြည့်စုံမှုကို ညွှန်ပြသည့် စကားများ၊ လုပ်ရပ်များ၊ ကောင်းမွန်သည့် အရည် အသွေးများအားလုံးသည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူသည်။ “အတ်စ်စလာမုအလိုင်းက အိုက်ယုဟန်နဘိယ္ယု ဝရဟ်မသုလ်လာဟိ ဝဗရကားသုဟူ” ဤသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အားဘေးဒုက္ခနှင့်အန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကောင်းမှုများ၊ ငြိမ်းချမ်းသာယာမှုများ ကျရောက်စရန် ဆုတောင်းမေတ္တာပို့ခြင်းဖြစ်သည်။ “အတ်စ်စလားမုအလိုင်းနာ ဝအလာ အိဗာဒိလ္လာဟိဆ်ဆွာလိဟီးန်” ဤသည် ဆွလာသ်ဆောက်တည်သူများ၊ မိုးကောင်းကင်နှင့် မြေပထဝီရှိသူတော်ကောင်း ကျေးကျွန်တိုင်းအပေါ် ငြိမ်းချမ်းသာယာမှုကျရောက်စေရန် ဆုတောင်း မေတ္တာပို့ခြင်းဖြစ်သည်။ “အရှ်ဟဒုအန်လာအိလားဟ အိလ်လလ္လာဟု” အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်တော်မူသောအရှင်မရှိကြောင်းကို ကျွန်တော်မျိုး ခိုင်မာစွာ သက်သေခံအပ်ပါသည်။ “ဝအရှ်ဟဒုအန်န မုဟမ္မဒန် အဗ်ဒုဟူ ဝရစူလုဟ်” တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ ဗန္ဓာအစေတော်နှင့် နောက်ဆုံးရစူလ်တမန်တော်ဖြစ်ကြောင်းကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ် ဆောက်တည်သူအား မိမိကြိုက်နှစ်သက်ရာ ဆုမွန်ဒုအာကို တောင်းဆိုရန် တိုက်တွန်းတော်မူခဲ့သည်။