တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်တော်မူခဲ့၏။ ထို့နောက် တမန်တော်မြတ်၏နောက်တွင် လူတစ်ဦးသည် ဗလီတော်သို့ ဝင်ရောက်လာ၍ အလျင်အမြန် ဆွလာသ်နှစ်ရကအသ်ဝတ်ပြုခဲ့သည်။ သူသည် မိမိ၏ ကိယာမ်ရပ်ခြင်း၊ ရူကူအ်ဦးညွှတ်ခြင်းနှင့် စဂျ်ဒဟ်ဦးချခြင်းတို့တွင် အေအေးဆေးဆေးတည်တည်ငြိမ်ငြိမ် နေသားသည်အထိ မပြုလုပ်ခဲ့ပေ။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သူ၏ဝတ်ပြုခြင်းကို စောင့်ကြည့်နေတော်မူခဲ့၏။ ထို့နောက် ထိုသူသည် ဗလီ၏ထောင့်တစ်နေရာတွင် ထိုင်နေတော်မူသော တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံသို့ သွားရောက်ပြီး စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူပြီးနောက် မိန့်ကြားတော်မူသည်မှာ- “သင်သည် ပြန်သွားပါ။ အသင်၏ ဆွလာသ်ကိုပြန်လည်ဝတ်ပြုပါ။ အဘယ်ကြောင့်ဆိုသော် အသင်သည် ဆွလာသ် ဝတ်ပြုခဲ့သည်မဟုတ်ပါ။” ထိုလူသည် ပြန်သွားပြီး ယခင်အတိုင်းပင် အလျင်အမြန် ဆွလာသ်ဝတ်ပြုပြန်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံသို့ ပြန်လာ၍ စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား မိန့်ကြားတော်မူသည်မှာ- “သင်သည် ပြန်သွားပါ။ အသင်၏ ဆွလာသ်ကိုပြန်လည်ဝတ်ပြုပါ။ အဘယ်ကြောင့်ဆိုသော် အသင်သည် ဆွလာသ် ဝတ်ပြုခဲ့သည်မဟုတ်ပါ။” ဤသို့ သုံးကြိမ်တိုင်တိုင် ဖြစ်ခဲ့သည်။ ထိုအခါ ထိုလူက “ ကိုယ်တော့်အား အမှန်တရားဖြင့် စေလွှတ်တော်မူသော အရှင်မြတ်အား ကျွန်တော်မျိုး တိုင်တည်ကျိန်ဆိုပါ၏။ ကျွန်တော်မျိုး ဤသည်ထက်ပို၍ကောင်းအောင် မဝတ်ပြုတတ်ပါ။ ထို့ကြောင့် ကျွန်တော်မျိုးအား သင်ပြပေးတော်မူပါ။” ဟု လျှောက် ထား၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ၎င်းအား မိန့်ကြားတော်မူသည်မှာ- “အသင် ဆွလာသ်ဝတ်ပြုရန် ရပ်သောအခါ သက်ဗီရ်သဟ်ရီမဟ် (အလ္လာဟုအက်ဗရ်) ရွတ်ဆိုပါ။ ထို့နောက် ဆူရဟ်ဖာသိဟဟ်နှင့် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသော မည်သည့်ဆူရဟ်ကိုမဆို ရွတ်ဆိုပါ။ ထို့နောက် အေးဆေးတည်ငြိမ်ကာ နေသားကျသွားသည်အထိ ရူကူအ်ဦးညွှတ်ပါ။ (ထိုသို့ဦးညွှတ်ရာတွင်) သင်၏ လက်ဖဝါးနှစ်ဖက်ကို ဒူးနှစ်ဖက်ပေါ်တွင် တင်ထားပြီး သင်၏ကျောကို တစ်ဖြောင့်တည်းထားကာ ရူကူအ်ကို အေးဆေးတည်ငြိမ်စွာ လုပ်ပါ။ ထို့နောက် ရုကူအ်မှ ပြန်ထပါ။ (ထိုသို့ပြန်ထရာတွင်) သင်၏ ကျောကိုဖြောင့်တန်းစေပြီး အရိုးအဆစ်များ နေရာကျသွားသည်အထိ တည့်မှတ်စွာ ရပ်ပါ။ ထို့နောက် အေးဆေးတည်ငြိမ်ကာ နေသားကျသွားသည်အထိ စဂ်ျဒဟ်ဦးချပါ။ ဆိုလိုသည်မှာ နဖူး၊ နှာခေါင်း၊ လက်နှစ်ဖက်၊ ဒူးနှစ်ဖက်နှင့် ခြေချောင်းထိပ်များကို မြေကြီးပေါ် စွဲမြဲစွာ တင်ထားပါ။ ထို့နောက် စဂ်ျဒဟ်မှပြန်ထကာ စဂျ်ဒဟ်နှစ်ခုကြား တွင် အေးဆေးတည်ငြိမ်ကာ နေသားကျသွားသည်အထိ ထိုင်ပါ။ ထို့နောက် အသင့်ရဲ့ဆွလာသ်၏ ရကအသ်တိုင်းတွင် ဤသို့ ပြုလုပ်ပါ။”