ဆွလာသ်ဝတ်ပြုသည့်အခါ ခန္ဓာကိုယ်၏အရိုးအဆစ်ခုနှစ်ခုပေါ်တွင် စဂ်ျဒဟ်ဦးချရန် အလ္လာဟ်အရှင်မြတ်က မိမိအား အမိန့်ပေးထားကြောင်းကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ- ပထမ - နဖူးဖြစ်သည်။ ၎င်းသည် နှာခေါင်းနှင့် မျက်လုံးအထက် မျက်နှာအပေါ်ပိုင်းနေရာဖြစ်သည်။ ထို့နောက် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က နဖူးနှင့် နှာခါင်းသည် အရိုးအဆစ်ခုနှစ်အနက် တစ်ခုသာဖြစ်ကြောင်းကို ရှင်းပြရန်နှင့် စဂ်ျဒဟ်ဦးချသူသည် မိမိနှာခါင်းကို မြေကြီးဖြင့်ထိထားရန် လိုအပ်ကြောင်းကို အလေးထားမိစေရန်အတွက် မိမိ၏လက်ဖြင့် မိမိနှာခေါင်းအား ညွှန်ပြတော်မူခဲ့သည်။ ဒုတိယနှင့် တတိယအဆစ်အပိုင်းမှာ လက်နှစ်ဖက်ဖြစ်သည်။ စတုတ္ထနှင့် ပဉ္စမမှာ ဒူးနှစ်ဖက်ဖြစ်သည်။ ဆဌမနှင့် သတ္တမမှာ ခြေထောက်နှစ်ဖက်၏ ခြေချောင်းများဖြစ်သည်။ ထို့နောက် ဦးချသည့်အခါ မြေပေါ်မကျစေရန်အတွက် ဆံပင်ကိုစု၍ ချည်ထားခြင်း၊ အဝတ်များကိုစု၍ကိုင်ထားခြင်း မပြုရန်နှင့် ထိုအစား ဦးချသည့်အခါ ခန္ဓာကိုယ်အစိတ်ပိုင်းများနှင့်အတူ ၎င်းတို့ပါမြေပေါ်ကျနေစေရန်အတွက် လွှတ်ထားရန် ကိုယ်တော်က ကျွန်တော်တို့အား အမိန့်ပေးတော်မူခဲ့သည်။