ဆွဟာဗဟ်ကြီး အဗူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)သည် ဆွလာသ်ဆောက်တည်ခဲ့သည်။ ၎င်းက (သရှဟ်ဟုဒ်ဖတ်ရန်) ထိုင်သည့်အခါ အနောက်မှလိုက်ဖတ်သူများအနက်မှ တစ်ဦးက ကုရ်အာန်ကျမ်းမြတ်တွင် ဆွလာသ်သည် ကောင်းမှုဖြင့်လည်းကောင်း၊ ဇကာသ်ဖြင့်လည်းကောင်းတွဲ၍ အမိန့်ပေးခြင်းခံရသည်ဟု ဆိုခဲ့သည်။ အဗူမူစာ (ရဿွိယလ္လာဟုအန်ဟု)သည် ဆွလာသ်ကို အဆုံးသတ်ပြီးသည့်အခါ အနောက်မှလိုက်ဖတ်သူများဘက်သို့ မျက်နှာမူကာ အသင်တို့အနက် ကုရ်အာန်ကျမ်းမြတ်တွင် ဆွလာသ်သည် ကောင်းမှုဖြင့်လည်းကောင်း၊ ဇကာသ်ဖြင့်လည်းကောင်းတွဲ၍ အမိန့်ပေးခြင်းခံရသည်ဟု မည်သူပြောကြားပါသနည်းဟု မေးမြန်းခဲ့သည်။ လူတို့သည်တိတ်ဆိတ်စွာပင် ရှိနေခဲ့ကြသည်။ ၎င်းတို့အနက် မည်သူမျှ အဖြေမပေးဘဲ နှုတ်ဆိတ်၍နေကြသည်။ ထို့ကြောင့် နောက်တစ်ကြိမ် ထပ်မေးမြန်းခဲ့သည်။ မည်သူမျှ အဖြေမပေးသည့်အခါ အဗူမူစာ(ရဿွိယလ္လာဟုအန်ဟု)က အို - ဟိသ်သွာန် ထိုစကားကို သင်ပြောလိုက်တာ ဖြစ်နိုင်တယ်ဟု ပြောကြားခဲ့သည်။ ထိုသို့ပြောကြားခြင်းသည် ဟိသ်သွာန်၏ ရဲရင့်မှု၊ သူနဲ့ရင်းနှီးမှု၊ ဆွေမျိုးတော်စပ်မှုကိုအကြောင်းပြု၍ သူ့အားပြစ်တင်ပြောဆိုခြင်းဖြင့် ၎င်းအတွက် ထိခိုက်မှုမရှိနိုင်ခြင်းနှင့် ပြောဆိုသူ အစစ်အမှန်ကို ဝန်ခံလာစေရန်အတွက် ဖြစ်သည်။ထိုအခါ ဟိသ်သွာန်က မိမိမပြောဆိုကြောင်း ငြင်းဆိုကာ ထိုစကားကို ကျွန်တော်ပြောခဲ့သည်ဟုထင်၍ ကျွန်တော့်အား သင်အပြစ်တင်မည်ကို စိုးရိမ်မိပါသည်ဟု ပြောကြားခဲ့သည်။ ထိုအခါ လူတို့အနက်မှတစ်ဦးက ထိုစကားကိုကျွန်တော်ပြောခဲ့ပါသည်။ ကျွန်တော်သည် အကောင်းကိုသာ ရည်ရွယ်ခဲ့ပါသည်ဟု ပြောကြားခဲ့သည်။ ထိုအခါ အဗူမူစာ (ရဿွိယလ္လာဟုအန်ဟု)က ထိုသူ့ကိုသင်ကြားပေးသည့်အနေဖြင့် အသင်တို့၏ဆွလာသ်ထဲတွင် မည်သို့ရွတ်ဆိုရမည်ကို မသိကြလေသလောဟု ပြောကြားခဲ့သည်။ ဤသည် အဗူမူစာက ထိုစကားကိုလက်ခံဘဲ ငြင်းပယ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် အဗူမူစာကပြောပြသည်မှာ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တစ်ခါက သူတို့အား ‘ခွသ်ဗဟ်’ တရားဟောကြားတော်မူကာ ၎င်းတို့အား(ရှရီအဟ်) တရားဥပဒေများကို ရှင်းပြပြီး၊ ဆွလာသ်ကို သင်ကြားပေးတော်မူခဲ့သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ- အသင်တို့ ဆွလာသ်ဆောက်တည်သည့်အခါ ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြပါ။ ထို့နောက် အသင်တို့အနက်မှတစ်ဦးအား သင်တို့အတွက် အိမာမ်ရှေ့ဆောင်အဖြစ် သတ်မှတ်ပါ။ ၎င်းကဆွလာသ်အစပြုသည့် ‘သက္ကဗီရ်’ဆိုလျှင် အသင်တို့လည်း ထိုအတိုင်း‘သက္ကဗီရ်’ဆိုကြပါ။ ၎င်းက စူရဟ် ဖာသိဟဟ်ရွတ်ဖတ်ပြီး (غَيْرِ ٱلْمَغْضُوبِ عَلَيْهِمْ وَلَا ٱلضَّآلِّينَ) (စူရဟ် ဖာသိဟဟ် :၇)ကို ရွတ်ဆိုသည့်အခါ အသင်တို့ အာမီးန် ဆိုကြပါ။ အကယ်၍ သင်တို့ထိုအတိုင်းဆိုကြပါက အသင်တို့ (၏တောင်းဆု)ကို အလ္လာဟ်အရှင်မြတ် လက်ခံတော်မူမည်ဖြစ်သည်။ ၎င်းက သက္ကဗီရ်ဆိုပြီး ဦးညွှတ်သည့်အခါ အသင်တို့လည်း သက္ကဗီရ်ဆိုပြီး ဦးညွှတ်ကြပါ။ ဧကန်အမှန်ပင် အိမာမ်ရှေ့ဆောင်သည် အသင်တို့အလျင် ဦးညွှတ်ရမည်ဖြစ်ပြီး အသင်တို့ထက်အလျင် ပြန်ထရမည်။ သင်တို့သည် အိမာမ်ရှ့ဆောင်ထက် အလျင်မလုပ်ရပါ။ အဘယ့်ကြောင့်ဆိုသော် အီမာမ်က သင်တို့ထက်အလျင် ဦးညွှတ်လိုက်သည့် အခိုက်အတန့်သည် အီမာမ် ဦးညွှတ်ရာမှ ထပြီးနောက် သင်တို့ ဦးညွှတ်ခြင်း၌ ကျန်ခဲ့သည့် အခိုက်အတန့်နှင့် ကြာချိန်အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ပထမကြာချိန်နှင့် ဒုတိယကြာချိန်သည် တူညီသွားသည်။ သို့ဖြစ်၍ အသင်တို့ဦးညွှတ်သည့် အချိန်အတိုင်းအတာသည် အိမာမ်ဦးညွှတ်သည့် အချိန်အတိုင်းအတာနှင့် တူညီသွားသည်။ အိမာမ်က ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ (ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အရှင်မြတ်လက် ခံတော်မူပါ)ဟု ဆိုလျှင် အသင်တို့က ‘အလ္လာဟွမ္မ ရဗ္ဗနာလကလ်ဟမ်ဒ်’(အို ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာလျှင်ဖြစ်ပါ၏)ဟု ဆိုကြပါ။ အကယ်၍ အနောက်မှလိုက်ဖတ်သူ မုဆွလ္လီများ ထိုသို့ဆိုကြပါက အလ္လာဟ်အရှင်မြတ်သည် သူတို့၏တောင်းဆုကို ကြားသိတော်မူ၏။ ဧကန်မုချ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိအားချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းထောမနာပြုမှုကို လက်ခံတော်မူကြောင်း မိမိ၏တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နှုတ်တော်မှတဆင့် အမိန့်ရှိတော်မူခဲ့သည်။ ထို့နောက် အိမာမ်က သက္ကဗီရ်ဆိုပြီး ဦးချသည့်အခါ နောက်မှလိုက်ဖတ်သူများလည်း သက္ကဗီရ်ဆိုပြီး ဦးချရမည်ဖြစ်သည်။ ဧကန်အမှန်ပင် အိမာမ်ရှေ့ဆောင်သည် အသင်တို့အလျင် ဦးချရမည်ဖြစ်ပြီး အသင်တို့ထက်အလျင် ပြန်ထရမည်။ ထို့ကြောင့် ပထမကြာချိန်နှင့် ဒုတိယကြာချိန်သည် တူညီသွားသည်။ ဦးချရာတွင် အိမာမ်နှင့် နောက်လိုက်တို့၏ကြာမြင့်ချိန် နှစ်ခုသည် အတူတူပင်ဖြစ်သည်။ သရှဟ်ဟုဒ်ဖတ်ရန် ထိုင်သည့်အခါ အနောက်မှလိုက်ဖတ်သူအနေဖြင့် ပထမဦးဆုံးရွတ်ဖတ်ရမည့်အရာမှာ ‘အသ်ဟိယ္ယာသုသ် သွိုက်ယိဘာသုဆ် ဆွလဝါးသု လိလ်လာဟိ’ စိုးပိုင်အုပ်ချုပ်မှုသည်လည်းကောင်း၊ အမြဲထာဝရရှိနေခြင်းသည်လည်းကောင်း၊ ကြီးကျယ်မြင့်မြတ်မှုအလုံးစုံတို့သည်လည်းကောင်း မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်တော်မူသည်။ ထိုနည်းတူပင် ငါးကြိမ်ဆွလာသ်သည်လည်း အလ္လာဟ်အရှင်မြတ်အတွက်သာလျှင်ဖြစ်သည်။ ‘အတ်စ် စလာမုအလိုင်က အိုက်ယုဟန်နဗိယ္ယု ဝရဟ်မသွလ်လာဟိ ဝဘရကားသုဟူ၊ အတ်စ် စလာမုအလိုင်းနာ ဝအလာ အိဘာဒိလ်လာဟိစ်စွာလိဟီးန်’ ချွတ်ယွင်းမှု၊ ဘေးဒုက္ခ၊ ချို့တဲ့မှု၊ မကောင်းမှုများမှ ငြိမ်းချမ်းမှုရရှိရန် အလ္လာဟ်အရှင်မြတ်ထံ တောင်းခံခြင်းဖြစ်သည်။ ထို့နောက် ကျွန်တော်တို့သည် တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ်သို့လည်းကောင်း၊ မိမိတို့ အပေါ်သို့လည်းကောင်း၊ အရှင်မြတ်၏ ဝတ္တရားများနှင့် အရှင့်ကျေးကျွန်များ၏ ဝတ္တရားများကို ထမ်းဆောင်ကြသော အလ္လာဟ်အရှင်မြတ်၏ကျွန် သူတော်စင်၊ သူတော်ကောင်းများ အပေါ်သို့လည်းကောင်း ငြိမ်းချမ်းသာယာမှုအပေါင်းကျရောက်စေရန် တောင်းခံကြသည်။ ‘အရှ်ဟဒုအန်လာအိလားဟအိလ်လလ္လာဟု ဝအရှ်ဟဒုအန်နမုဟမ္မဒန် အဗ်ဒုဟူဝရစူလုဟ်’ ထို့နောက် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုးတို့သက်သေခံကြသည်။