မျက်မမြင် ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ရောက်ရှိလာပြီး အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော့်အားကူညီမည့်သူနှင့် ငါးကြိမ်ဆွလာသ်အတွက် ဗလီသို့ လက်တွဲ ခေါ်ဆောင်သွားမည့်သူ မရှိပါဟု လျှောက်ထားခဲ့သည်။ သူသည် ဂျမာအသ်နှင့်တကွ ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ခွင့်ပြုရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ တောင်းဆိုလိုခြင်းဖြစ်သည်။ ကိုယ်တော်ကလည်း သူ့အားခွင့်ပြုတော်မူလိုက်သည်။ ထိုသူလှည့်ပြန်နေစဉ် ကိုယ်တော်က သူ့အားခေါ်တော်မူ၍ အသင်ဆွလာသ်အတွက် အဇာန်ဖိတ်ခေါ်သံကို ကြားပါသလားဟု မေးမြန်းတော်မူသည်။ ၎င်းက ဟုတ်ကဲ့ (ကြားပါသည်)ဟု ဖြေကြားခဲ့ရာ ကိုယ်တော်က သင်ဆွလာသ်အတွက် အဇာန်ဖိတ်ခေါ်သူအား အဖြေပေးပါ(ဂျမာအသ်ဖြင့် ဆောက်တည်ပါ)ဟု မိန့်ကြားတော်မူသည်။