တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကြက်သွန်နီ သို့မဟုတ် ကြက်သွန်ဖြူစားထားသူအား ဗလီကျောင်းတော်သို့ လာရောက်ခြင်းမှ တားမြစ်ထားတော်မူသည်။ ထိုသို့တားမြစ်ရခြင်း၏ အကြောင်းရင်းမှာ ထိုအရာနှစ်မျိုး၏ မကောင်းသောအနံ့သည် ဗလီကျောင်းတော်သို့ ဂျမာအသ်ဖြင့်ဆွလာသ်ဝတ်ပြုရန် ရောက်ရှိလာကြသော အခြားညီနောင်များအား အနှောင့်အယှက် မဖြစ်စေရန် အတွက်ဖြစ်သည်။ ဤတားမြစ်ချက်သည် အမှန်စင်စစ် ဗလီသို့လာရောက်ခြင်းအား မနှစ်မြို့ဖွယ် တားမြစ်ချက်သာဖြစ်ပြီး ထိုအရာများကို စားသုံးခြင်းအား တားမြစ်ထားခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာနှစ်မျိုးကို စားသုံးခြင်းသည် ခွင့်ပြုထားသော (ဟလာလ်) အရာများဖြစ်သောကြောင့်တည်း။ တစ်ခါသော် အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ဟင်းသီး ဟင်းရွက်များပါဝင်သည့် ဟင်းအိုးတစ်အိုးကို ယူဆောင်လာခဲ့ကြသည်။ သို့ရာတွင် တမန်တော်မြတ်သည် ယင်းဟင်းအိုးအတွင်းမှ အနံ့တစ်ခုကို ရှုရှိုက်မိပြီး ယင်းတွင် မည်သည့်အရာများပါဝင်သည်ကို မေးမြန်းသိရှိရသည့်အခါ၊ မိမိကိုယ်တိုင် စားသုံးရန်မှ ရှောင်ကြဉ်တော်မူကာ မိမိ၏ တပည့်ဆွဟာဗီတစ်ဦး ထံသို့ ပေးအပ်တော်မူသည်။ ထို ဆွဟာဗီကလည်း တမန်တော်မြတ်၏ လမ်းစဥ်ကို လိုက်နာလျက် ယင်းဟင်းကို စားရန် မနှစ်သက်ကြောင်း ပြောဆိုသောအခါ၊ တမန်တော်မြတ်သည် မြင်တော်မူ၍ ဤသို့မိန့်ကြားတော်မူသည်- " အသင် စားလော့။ (ငါကိုယ်တော်မြတ်အနေဖြင့် စားသုံးခြင်းမှ ရှောင်ကြဉ်ရခြင်းမှာ) ငါကိုယ်တော်မြတ်သည် ဝဟီအမိန့်တော်ယူဆောင်လာသော ကောင်းကင်တမန်များနှင့် စကားပြောဆိုရသောကြောင့် ဖြစ်သည်။" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မကောင်း သော အနံ့အသက်များကြောင့် လူတို့ စိတ်အနှောင့် အယှက် ဖြစ်သလို ကောင်းကင်တမန်များသည်လည်း အလားတူ စိတ်အနှောင့်အယှက်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။