အလ္လာဟ်အရှင်မြတ်၏တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် တစ်ရက်တွင် ဖဂျရ်ဆွလာသ်ကို ဝတ်ပြုခဲ့ပြီးနောက် မေးမြန်းတော်မူခဲ့သည်မှာ- “ကျွန်ုပ်တို့၏ ဤဆွလာသ်တွင် မည်သူမည်ဝါသည် ပါဝင်ခဲ့သလော။” ဆွဟာဗဟ်များက မပါဝင်ကြောင်း ဖြေကြားခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ်က မည်သူမည်ဝါကော လာရောက်ပါဝင်ခဲ့သလားအခြားသူတစ်ဦး၏အကြောင်း ထပ်မံမေးမြန်းတော်မူခဲ့သည်။ ဆွဟာဗာများကလည်း မပါဝင်ကြောင်း ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- ဧကန်မုချ ဖဂျရ်နှင့် အီရှာဆွလာသ်သည် မုနာဖိက်များအပေါ်တွင် အခြားဆွလာသ်များထက် ပိုမိုလေးလံသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်နှစ်ခုတွင် ပျင်းရိခြင်းက လွှမ်းမိုးနေတတ်ပြီး ရိယာပြစားရန် ဖြစ်နိုင်ခြေ နည်းပါးသောကြောင့်ဖြစ်သည်။ အကြောင်းမှာ ထိုအချိန်နှစ်ခုတွင် အမှောင်ထုကြောင့် လူတို့သည် ၎င်းတို့အား မတွေ့မြင်နိုင်သောကြောင့်ဖြစ်သည်။ အို အီမာန်သက်ဝင်ယုံကြည်သူတို့ အကယ်၍ အသင်တို့သည် ဖဂျရ်နှင့်အီရှာဆွလာသ်၏ များပြားလှသော အကျိုးဆုလာဘ်ကို သိရှိခဲ့လျှင်၊( အဘယ်ကြောင့်ဆိုသော် အကျိုးဆုလာဘ်သည် ခက်ခဲမှုပေါ်အခြေခံ၍ ခက်ခဲလေ အကျိုးပိုများလေဖြစ်သည် ) သင်တို့သည် တရွတ်တိုက်စွဲလျက်ပင်ဖြစ်စေ ထိုဆွလာသ်နှစ်ခုကိုဝတ်ပြုရန် ရောက်ရှိလာကြမည်ဖြစ်သည်။ ဧကန်စင်စစ် ပထမစွတ်ဖ်အတန်း၌ တန်းစီသူများသည် အိမာမ်ရှေ့ဆောင်၏ အနီး၌ရှိခြင်းကြောင့် မလာအိကဟ်ကောင်းကင်တမန်များ၏ အလ္လာဟ်အရှင်မြတ်အနီး၌ တန်းစီတည်ရှိခြင်းကဲ့သို့ပင် ဖြစ်၏။ အကယ်၍ အီမာန်ယုံကြည်သူများသည် ပထမစွတ်ဖ်အတန်း၏ အကျိုးကျေးဇူးကို သိရှိခဲ့လျှင်၊ သူတို့သည် ယင်းနေရာအတွက် ဦးစွာလာရောက်ရန် ပြိုင်ဆိုင်ကြမည် ဖြစ်သည်။ လူတစ်ဦးသည် အခြားတစ်ဦးနှင့် ဂျမာအသ်ဖြင့်စု ပေါင်း၍ ဆွလာသ်ဝတ်ပြုခြင်းသည် တစ်ဦးတည်း ဝတ်ပြုခြင်းထက် အကျိုးစဝါးဗ်နှင့် စူးရှမှု ပိုမိုများပြားပြီး၊ လူတစ်ဦးသည် အခြားလူနှစ်ဦးနှင့် ဂျမာအသ်ဖြင့်စုပေါင်း၍ ဆွလာသ်ဝတ်ပြုခြင်းသည် လူတစ်ဦးနှင့် စုပေါင်းဝတ်ပြုခြင်းထက် ပို၍မွန်မြတ်ပါသည်။ ဝတ်ပြုသူများပြားသော ဆွလားသ်သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပို၍ နှစ်သက်ဖွယ်ရာဖြစ်၍ အမွန်မြတ်ဆုံးပင် ဖြစ်သည်။