တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဇွလ်ဟဂ်ျလ၏ ပထမဆယ်ရက်၌ ကောင်းမှုပြုလုပ်ခြင်းသည် တစ်နှစ်တာ၏အခြားနေ့ရက်များတွင် ကောင်းမှုပြုလုပ်ခြင်းထက် သာပိုမွန်မြတ်သည်။ သာဝကကြီးများက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဤဆယ်ရက်မှလွဲ၍ အခြားသောနေရက်များတွင် ဂျိဟာဒ်လုပ်ခြင်းက ပို၍မွန်မြတ်ပါသလား သို့မဟုတ် ဤနေ့ရက်များတွင် ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းက ပို၍မွန်မြတ်ပါသလားဟု လျှောက်ထားမေးမြန်းခဲ့ကြသည်။ ဤသို့မေးရခြင်းမှာ ဂျိဟာဒ်သည် အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်ကြောင်း သာဝကကြီးများ လက်ခံထားကြသည့်အတွက်ဖြစ်သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ ဇွလ်ဟဂ်ျလ၏ ပထမဆယ်ရက်၌ပြုလုပ်သည့် ကောင်းမှုသည် အခြားသောနေ့ရက်များတွင် ဂျိဟာဒ်ပြုခြင်းထက် ပို၍သာမြတ်သည်။ သို့သော် လူတစ်ဦးသည် မိမိ၏အသက်ဇီဝိန်၊ ဥစ္စာပစ္စည်းတို့နှင့်တကွ ဂျိဟာဒ်ပြုရန် မုဂျာဟိဒ်တစ်ဦးအဖြင့် စွန်လွှတ်စွန့်စားကာထွက်ခွာသွားပြီး အလ္လာဟ့်လမ်းတော်တွင် မိမိ၏ဥစ္စာပစ္စည်းများ ဆုံးရှုံးသွားကာ မိမိအသက်ကိုလည်း ပေးအပ်လိုက်ခဲ့လျှင် ထိုသူသာလျှင် ထိုမွန်မြတ်သည့်ရက်များ၌ အမလ်ကောင်းမှုပြုလုပ်ခြင်းထက် ပို၍မွန်မြတ်မည်ဖြစ်သည်။