အကြင်သူသည် ဖဂျရ် ဆွလာသ်ကို ဆောက်တည်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ အကာအကွယ်ပေးမှု၊ ထိန်းသိမ်းစောင့်ရှောက်မှု၊ ကူညီမှု အောက်သို့ရောက်ရှိသွားပြီဖြစ်ကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဤပဋိညာဉ်ကို ထိခိုက်ပျက်စီးစေမည့်ကိစ္စကို သတိပေးတော်မူခဲ့သည်။ ၎င်းမှာ ဖဂျရ်ဆွလာသ်ကို စွန့်လွှတ်ခြင်း သို့မဟုတ် ဖဂျရ် ဆွလာသ်ဆောက်တည်သူအား ဒုက္ခပေးခြင်း၊ ရန်ညှိုးထားခြင်းဖြစ်သည်။ မည်သူမဆို ဤသို့ပြုလုပ်ပါက ထိုပဋိညာဉ်ကို ထိခိုက်ပျက်ဆီးအောင်ပြုလုပ်ကာ အရှင်မြတ်နှင့်သက်ဆိုင်သည့် တာဝန်ကို ချိုးဖောက်သည့်အတွက် အရှင်မြတ်က ရှာဖွေအရေးယူမည်ဟူသော ပြင်းထန်သည့် သတိပေးခြိမ်းခြောက်မှုကို ခံရသူဖြစ်သွားလိမ့်မည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်က ၎င်းအားရှာဖွေမည်ဆိုလျှင် အရှင်မြတ်သည် သူ့အားသေချာပေါက် ဖမ်းဆီးမိမည်ဖြစ်ပြီး မျက်နှာဖြင့်တရွတ်တိုက်ဆွဲကာ ဂျဟန္နမ်ငရဲသို့ ပစ်ချမည်ဖြစ်သည်။