တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုနာဖိက် (အရေခြုံမွတ်စ်လင်မ်)များနှင့် ပတ်သက်၍ မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့သည် ဆွလာသ်ဆောက်တည်ရန်အတွက် လာရောက်ရန် ပျင်းရိကြသည်။ အထူးသဖြင့် အိရှာနှင့် ဖဂျရ် ဆွလာသ်နှစ်ကြိမ်ကို ပို၍ပျင်းရိကြသည်။ အကယ်၍ ၎င်းတို့သည် ထိုဆွလာသ်နှစ်ကြိမ်ကို မွတ်စ်လင်မ်တို့၏ ဂျမာအသ်နှင့်အတူ ဆောက်တည်ခြင်း၏ အကျိုးကုသိုလ်အား သိရှိခဲ့ကြလျှင်(လမ်းမလျှောက်နိုင်လျှင်လည်း) ကလေးကဲ့သို့ လက်နှင့်ဒူခေါင်းတို့ဖြင့် လေးဖက်ထောက်ကာ လာရလျှင်လည်း မုချလာကြမည်ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးတော်မူပြီး အိကာမသ်ဆိုပြီးသည့်အခါ ပုဂ္ဂိုလ်တစ်ဦးအားမိမိကိုယ်စား လူတို့အား အိမာန်ရှေ့ဆောင်ပြုရန်အမိန့်ပေးတော်မူမည်။ ထို့နောက်ကိုယ်တော်သည် ထင်းစီးများ သယ်ထားကြသောလူတို့နှင့်အတူ ဂျမာအသ်ဖြင့် ဆွလာသ်ဆောက်တည်မှုတွင် မပါဝင်ကြသူများထံ သွားကာ ၎င်းတို့ကျူးလွန်လိုက်သည့် ပြင်းထန်သည့်အပြစ်ကြောင့် ၎င်းတို့နှင့် နေအိမ်များကိုပါ မီးရှို့ပစ်ရန် ဆန္ဒရှိတော်မူခဲ့သည်။ သို့သော် ကိုယ်တော်သည် ဤအတိုင်း လက်တွေ့အပြစ်မပေးခဲ့ခြင်းမှာ ထိုအိမ်များတွင် အပြစ်ကင်းသည့် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် တရားတော်၏ ခွင့်ပြုချက်ကြောင့် မလာရောက်နိုင်သူများရှိနေပြီး ၎င်းတို့သည် အပြစ်မရှိသည့် အတွက်ကြောင့်ဖြစ်သည်။