တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ မုချဧကန်ကိုယ်တော်မြတ်သည် ကိယာမသ်နေ့၌ ကောင်ဆရ်ရေကန်၌ ရှိနေမည်ဖြစ်ပြီး မိမိ၏အွမ္မသ်များအနက် မည်သူသည် ကောင်ဆရ်ရေကန်သို့လာရောက်မည်ကို ကြည့်ရှုတော်မူမည်ဖြစ်သည်။ လူအချို့သည် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အနားမှဖယ်ရှားခြင်းခံရမည်။ ထိုအခါ ကိုယ်တော်မြတ်က အို မွေးမြူဖန်ဆင်းတော်မူသောအရှင် ၎င်းတို့သည်ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အွမ္မသ်သားတို့အနက်မှပင်ဖြစ်သည်ဟု အရှင်မြတ်အားလျှောက်ထားမည်ဖြစ်သည်။ ထိုအခါ ဖြေကြားခြင်းခံရမည်မှာ ၎င်းတို့သည် အသင်နှင့် ခွဲခွါပြီးသည့်နောက် မည်သို့ပြုမူဆောင်ရွက်ခဲ့ကြသည်ကို အသင်သိပါသလော။ အလ္လာဟ်အရှင်မြတ်အား ကျိန်ဆို၍ပြောမည်။ ၎င်းတို့သည် မိမိတို့၏ခြေဖနှောင့်များသို့ပြန်လှည့်သွားကြပြီး သာသနာတော်အား စွန့်ခွာခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အသင့်အနက်မှ မဟုတ်သလို အသင့်အွမ္မသ်သားများအနက်မှလည်းမဟုတ်ပေ။